ယေရှုခရစ်ကဲ့သို့ ရက် ၄၀ အစာရှောင်ရန် ကြိုးစားခဲ့သော မိုဇမ်ဘစ်မှ သင်းအုပ်ဆရာတစ်ဦး ၂၅ ရက်နေ့အရောက်တွင် အသက်ဆုံးရှုံး

0
233

မိုဇမ်ဘစ်နိုင်ငံမှ သင်းအုပ်ဆရာတစ်ဦးသည် ခရစ်ယာန်ဘာသာဝင်တို့၏ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော ယေရှုခရစ် ကျင့်ကြံခဲ့သည့် ရက်ပေါင်း ၄၀ ကြာ အစာရှောင်ခြင်းကို လိုက်လံကျင့်ကြံခဲ့ရာ ၂၅ ရက်အကြာတွင် အသက်သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဆန်တာ သရင်ဒါဂျီ ဧဝံဂေလိ ဘုရားကျောင်းကို တည်ထောင်ခဲ့သူ သင်းအုပ်ဆရာ ဖရန်စစ္စကို ဘာရာဟက်သည် အစာရှောင်နေစဉ် ကျန်းမာရေးအခြေအနေ ဆိုးရွာလာသဖြင့် ဘေရာမြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ရာ ထိုဆေးရုံ၌ပင် ဆုံးပါးသွားခဲ့သည်။

အစာလုံးဝမစားဘဲ နေလာခဲ့သည့် ၂၅ ရက်မြောက်နေ့တွင် အသက် ၃၉ နှစ်အရွယ် ဘာရာဟက်သည် ကိုယ်အလေးချိန်များစွာ ကျဆင်းသွားပြီး မတ်တပ်မရပ်နိုင်တော့သည်အထိ ခွန်အားဆုံးရှုံးသွားခဲ့သည်။

ထို့နောက် သူ၏ ဆွေမျိုးများနှင့် အသင်းတော်မှ အသင်းဝင်များက သူ၏ ကျန်းမာရေးကို စိုးရိမ်လာသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သူ၏ သွေးအားနည်းရောဂါမှာ အလွန်ပြင်းထန်နေခဲ့သည့်အပြင် အစာခြေအင်္ဂါများမှာလည်း အလုပ်မလုပ်တော့သဖြင့် ဆရာဝန်များကပါ မကယ်တင်နိုင်ခဲ့ပေ။ ဘာရာဟက်သည် ယခုအပတ် ဗုဒ္ဓဟူးနေ့က ဆုံးပါးသွားခြင်းဖြစ်သည်။

သူ၏အသင်းတော်အဖွဲ့ဝင်များက ဘာရာဟက်နှင့် သူ၏နောက်လိုက်များအတွက် အစာရှောင်ခြင်းသည် သာမာန်လုပ်ရိုးလုပ်စဉ် ကိစ္စဖြစ်သော်လည်း ထိုမျှ အသက်အန္တရာယ်ရှိသည်အထိ မလုပ်ဖူးကြောင်း ပြောကြားခဲ့သည်။

လူသားများ၏ အစာမစားဘဲ နေနိုင်သည့် ရက်ပမာဏသည် လူပေါ်မူတည်၍ ကွဲပြားသွားသည်။ အစားအသောက် မှန်မှန်စားသော ပေါင်ချိန် ၁၅၄ ဝန်းကျင်ရှိသည့် အမျိုးသားတစ်ဦးသည် အစာမစားဘဲ တစ်လမှ သုံးလအထိ အသက်ရှင်နိုင်ကြောင်း Medical News Today ကဖော်ပြထားသည်။

Source: Daily News


LEAVE A REPLY

Please enter your comment!
Please enter your name here