အမေရိက၏ မီးပုံးပျံ ကိစ္စ တုံ့ပြန်ပုံ များသည် ဆောက်တည်ရာ မရဘဲ ကို့ယို့ကားယားနိုင်သည်ဟု တရုတ်ရှုံ့ချ

0
178

တရုတ်ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူမစ္စတာဝမ်ယိသည် တရုတ်ထောက်လှမ်းရေးမီးပုံးဟုခေါ်ဆိုသောအရာအား အမေရိကဘက်မှတုံ့ပြန်ပုံများသည် ကို့ယို့ကားယားနိုင်ပြီး ဆောက်တည်ရာမရဖြစ်နေသည်ဟုဆိုကာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များစုဝေးရာ မြူးနစ်လုံခြုံရေးညီလာခံမိန့်ခွန်း၌ မစ္စတာဝမ်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏အစိုးရသည် ပေကျင်းအပေါ်လွဲမှားသောခံယူချက်ထားရှိသည်ဟု ပြောကြားခဲ့သည်။

ဝါရှင်တန်သည်လွတ်လပ်သောကုန်သွယ်မှုကဲ့သို့သော ၎င်း၏စံနှုန်းများအားဖြည့်တင်းရန်ကြိုးပမ်းနေသော်လည်း တစ်ဖက်တွင်အာရှ၏အင်အားဖြစ်သည့် ပေကျင်းအားသိက္ခာချရန်ကြိုးပမ်းနေသည်ဟုလည်း စွပ်စွဲခဲ့သည်။ယင်းနောက် အမေရိကအနေဖြင့် ၎င်းတို့၏ပြည်တွင်းရေးပြဿနာကိုဖြေရှင်းချင်ယုံနှင့် ယခုကဲ့သို့ရုပ်ဆိုးသောလုပ်ရပ်မျိုးမလုပ်သင့်ကြောင်းလည်းပြောကြားခဲ့သည်။

ဝါရှင်တန်၏ထိပ်တန်းလျှို့ဝှက်နျူလက်နက်နေရာများပေါ်မှ ဖြတ်သန်းသွားသော တရုတ်ထောက်လှမ်းရေးမီးပုံးကြောင့် ဝါရှင်တန်အနေဖြင့် သတိထားရမည့်အနေအထား၌ရှိနေသည်။သို့သော်ပေကျင်းဘက်မှငြင်းဆိုထားပြီး အဆိုပါမီးပုံးသည် မိုးလေဝသလေ့လာရန်အတွက်သာဖြစ်သည်ဟုဆိုထားသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကန်နိုင်ငံခြားရေးဝန်ကြီး၏ ပေကျင်းခရီးစဉ်လည်းရပ်ဆိုင်းထားခဲ့ရသည်။ယခုညီလာခံ၌မူမစ္စတာဝမ်က အမေရိကသည်တရုတ်အား ၎င်းအတွက်ပထဝီနိုင်ငံရေးစိန်ခေါ်မှုတစ်ရပ်အဖြစ်ရှုမြင်ကာ အမေရိကအတွက် ခြိမ်းခြောက်မှုတစ်ခုဟုယူဆထားသဖြင့် ယခု ကဲ့သို့မျိုး လုပ်ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

အဆုံးတွင်မူမစ္စတာဝမ်ယိက အမေရိကအနေဖြင့် တရုတ်နိုင်ငံအပေါ်လက်တွေ့ကျပြီး အပြုသဘောဆောင်သည့်သဘောထားဖြင့် ခိုင်မာဖွံ့ဖြိုးသည့်လမ်းကြောင်းပေါ်ရောက်ရန် နှစ်နိုင်ငံဆက်ဆံရေးအားပြန်လည်လက်ခံလျက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်းလည်းပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here