အမရပူရမြို့နယ်တွင် ရေဆော့နေသည့် ကိုရင် ၅ ပါးရေနစ်ပြီး ၄ ပါးအားကယ်ဆယ်နိုင်ခဲ့ ၁ ပါးပျောက်ဆုံးလျက်ရှိ

0
195

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ဥယျာဥ်တော်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်ညနေပိုင်းက ရေဆော့နေသည့် ကိုရင် ၅ ပါးရေနစ်၍ ၄ ပါးအားကယ်ဆယ်နိုင်ခဲ့ပြီး ၁ ပါးပျောက်ဆုံးလျက်ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)မှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီခန့်က အမရပူရမြို့နယ်၊ဥယျာဥ်တော်ကျေးရွာရှိ ရွှေရန်လင်းမင်းကျောင်း (ဘ/က)စာသင်တိုက်မှ ကိုရင် ၅ ပါးသည် ရေဆော့နေရာမှ ၅ ပါးလုံးရေနစ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရေနစ်သွားသည့် ကိုရင် ၅ ပါးအနက် ၄ ပါးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သော်လည်း ကိုရင်ဩဒဿ(၁၃)နှစ်မှာရေနစ်ပျောက်ဆုံးနေသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)သို့ ကူညီရှာဖွေပေးရန် ဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)၏ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကသွားရောက်၍ ကူညီရှာဖွေပေးလျက်ရှိကြောင်း သိရသည်။

“ကိုရင်လေးရေနစ်ပြီးပျောက်နေလို့ ဝိုင်းရှာပေးဖို့အကူအညီတောင်းတာနဲ့ ချက်ခြင်းသွားပြီးရှာဖွေပေးနေပါတယ် လက်ရှိအချိန်အထိတော့ မတွေ့သေးပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here