KBZ ဘဏ်အကောင့် (၂) ခုအတွင်းမှ ငွေကျပ်သိန်း ၁၄၀၀ ဝန်းကျင် လိမ်လည်ထုတ်ယူသွားသည့် နိုင်ဂျီးရီးယား နိုင်ငံသား(၅) ဦးနှင့် မြန်မာနိုင်ငံသား(၆)ဦးကို ဖမ်းဆီးရမိ

0
307

ရန်ကုန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် KBZ ဘဏ်အကောင့် အသုံးပြုသူ အမျိုးသမီး (၂) ဦး၏ ဘဏ်အကောင့်များထဲမှ ငွေကျပ် သိန်း ၁၄၀၀ နီးပါးကို နည်းပညာအသုံးပြု လိမ်လည်ထုတ်ယူသွားသည့် နိုင်ဂျီးရီးယားနိုင်ငံသား (၅) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖေါ်ဝါရီလ (၆) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ KBZ ဘဏ်အကောင့်မှ ငွေကျပ်သိန်း (၁၀၂၀) နှင့် ဖေဖေါ်ဝါရီ (၉) ရက်တွင် ကမာရွတ်မြို့နယ်၌ နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ ဘဏ်အကောင့်အတွင်းမှ ငွေကျပ် သိန်း (၃၇၀)တို့အား မသမာသူများက လိမ်လည်ထုတ်ယူသွားကြောင်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အထူးအမှုစစ်အဖွဲ့ကာ သက်ဆိုင်ရာဘဏ်နှင့် ပူးပေါင်းကာ နည်းပညာအချက်အလက်များ အခြေခံ၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ငွေကြေးလိမ်လည် လွှဲပြောင်း ရယူရာတွင်အသုံးပြုသည့် ဘဏ်အကောင့်များ ဖွင့်လှစ်ရောင်းချခဲ့သည့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂)ဦးတို့အား ဖေဖေါ်ဝါရီ (၁၂) ရက်တွင် စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၆) ဦးအား စစ်ဆေးချက်များအရ ၎င်းတို့ (၆) ဦးသည် 

အကောင့်တစ်ခုလျင် ငွေကျပ်တစ်သောင်းဖြင့် ငွေကြေးလိမ်လည်သူများထံ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံ (၆) ဦးအား စစ်ဆေးချက်များအရ ငွေကြေးလိမ်လည်ထုတ်ယူသူ နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ၎င်း၏ အမျိုးသမီးအား ရန်ကုန်တိုင်း သန်လျင်မြို့နယ် Star City အိမ်ရာ (၁၈၀၂)၊ တိုက်အမှတ် (C -4) တွင်  ဖေဖေါ်ဝါရီလ (၁၆) ရက် မွန်းလွဲပိုင်းက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ဂျီးရီးယား နိုင်ငံသားနှင့် ၎င်း၏ အမျိုးသမီးတို့ကို စစ်ဆေးရာတွင် ၎င်းတို့၏ ထွက်ဆိုချက်အရ ငွေ ကြေးလိမ်လည်လွှဲပြောင်း ထုတ်ယူရာတွင် ပူးပေါင်းပါဝင်သည့် နိုင်ဂျီးရီးယား နိုင်ငံသား (၃) ဦးကို Start City အိမ်ရာ၌ပင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေကြေးသိန်း (၁၄၀၀) ဝန်းကျင်ကို လိမ်လည်လွှဲပြောင်းရယူခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသား (၅) ဦးနှင့် မြန်မာနိုင်ငံသား (၆) ဦးတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပြီး 

ငွေကြေးလိမ်လည်ရာတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံပြင်ပရောက်ရှိနေသူများအား နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင် ရွ က်လျက်ရှိကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့်လည်း အဆိုပါ လိမ်လည်ခံရသည့် ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး အထူးသတိပြုကြရန် နစက က သတင်းထုတ်ပြန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here