အမေရိကနှင့် ချုပ်ဆိုထားသည့် နောက်ဆုံးလက်ကျန် နျူကလီးယား သဘောတူစာချုပ်အား ပူတင် ဆိုင်းငံ့

0
220

မော်စကို၊ ဖေဖော်ဝါရီ ၂၁

ယူကရိန်းအရေးအခင်းနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် တင်းမာမှု မြင့်တက်လာသည့် အခြေအနေ၌ မော်စကိုသည် အမေရိကနှင့်ချုပ်ဆိုထားသော နောက်ဆုံးလက်ကျန် နျူကလီးယားလက်နက်ထိန်းချုုပ်ရေး သဘောတူစာချုပ် “နူးစတတ်” တွင် ၎င်း၏ပါဝင်မှုကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သမ္မတ ပူတင်က ဖေဖော်ဝါရီလ ၂၁ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

ထို့ပြင် အမေရိကဘက်မှ နျူလက်နက်စမ်းသပ်မှုများ လုပ်လာပါက ရုရှားသည်လည်း စမ်းသပ်မှုများ ပြန်လည်စတင်ရန် အဆင်သင့်ပြင်ထားသင့်သည်ဟု ပူတင်က နိုင်ငံတော်မိန့်ခွန်းတွင် ပြောခဲ့သည်။

“သူတို့ဟာ ငါတို့ကို ယူကရိန်းစစ်ပွဲမှာ ရှုံးနိမ့်စေချင်ပြီး တစ်ချိန်တည်းမှာပဲ ငါတို့ရဲ့ နျူကလီးယားစက်ရုံတွေနဲ့လည်း ပတ်သက်ဖို့ ကြိုစားနေတယ်” ဟု ပူတင်က ပြောကြားကာ သဘောတူစာချုပ်၌ ရုရှားပါဝင်မှုကို ဆိုင်းငံ့မည့် သူ၏ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားပါလီမန်သို့ ပေးပို့ခဲ့သည့် စာချုပ်ပါဝင်မှု ဆိုင်းငံ့ရေး ဥပဒေမူကြမ်းတွင်လည်း “နူးစတတ်” စာချုပ်တွင် မော်စကို ပြန်လည်ပါဝင်လာနိုင်ရေးသည် သမ္မတပူတင်အပေါ်၌သာ မူတည်မည်ဟု ဖော်ပြထားကြောင်း သိရသည်။

သို့ရာတွင် ရုရှားသည် စာချုပ်ပါ သဘောတူညီချက်အားလုံးကို ဆိုင်းငံ့လိုက်ခြင်းမဟုတ်ဟု ပူတင်က အလေးပေးပြောခဲ့သည်။ စာချုပ်တွင် ပါဝင်သည့် နျူလက်နက်ပမဏ ကန့်သတ်ခြင်းကို ဆက်လက်လိုက်နာမည်ဖြစ်ပြီး ပဲ့ထိန်းဒုံး စမ်းသပ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ဆက်လက်လဲလှယ်သွားမည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့သည်။

Source: ABCNEWS


LEAVE A REPLY

Please enter your comment!
Please enter your name here