စိုက်ပျိုးရေးစရိတ်မြင့်တက်လာ၍ ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေဟုဆို

0
190

ယခုနှစ်စိုက်ပျိုးရေးစရိတ်သည် ယခင်နှစ်ထက်မြင့်တက်လာသည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

“ဒါကတော့ ပုံမှန်ဖြစ်တတ်ပါတယ်။ တရုတ်နယ်စပ်မှာလည်းကောင်းနေတယ်။ Over sea ကလည်းထွက်တယ်။ နောက်တစ်ခါဆန်ဈေးတက်လာမှာပဲ။ ပြီးခဲ့တဲ့နှစ်ထက်စာရင် ဒီနှစ်က စိုက်ပျိုးရေးစရိတ်အရမ်းကွာသွားပြီ။ ဒါကြောင့်ဒီနှစ်မှာ စိုက်ပျိုးရေးစရိတ်မြင့်မားတဲ့အတွက် ဈေးတက်တာလည်းပါပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) တစ်အိတ် ၈၆၀၀၀ ကျပ်မှ  ၉၀၀၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ် ၁၂၀၀၀၀ ကျပ်ဝန်းကျင် ၊ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင်ဆန်) ၁ အိတ် ၆၇၀၀၀ ကျပ် မှ ၇၇၀၀၀ ကျပ် ၊ ဆန်ကြမ်းအဟောင်း (ငစိန်၊ ဇီယာ အုပ်စုဝင် ) ၁ အိတ် ၆၅၀၀၀ ကျပ် မှ ၇၂၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

“စပါးဈေးက ၂၀ ကျော်တယ်ဆိုတာ မဟုတ်ပါဘူး။ ၁၄-၁၅ ပဲရှိတယ်။ စိုက်ပျိုးရေးစရိတ်ကတော့ ပြီးခဲ့တဲ့နှစ်နဲ့ဆိုရင် ခေါက်ချိုးနီးပါးမြင့်တက်လာတာပေါ့။ ဒါပေမယ့် ခေါက်ချိုးနီးပါးမြင့်တက်လာပေမယ့် စပါးဈေးကတက်မလာဘူး။ ဆန်ဈေးပဲမြင့်သွားတာ။ အခုဆန်ဈေးမြင့်တာက အရင်နှစ်ထက်စာရင်ပိုဆိုးတာပေါ့။ လယ်သမားတွေအတွက်က သိပ်ပြသနာမရှိပေမယ့် လက်လုပ်လက်စားသမားတွေအတွက်ကတော့ ပိုပြီးတော့ဆိုးမှာပေါ့။ မိုးတွင်းဘက်ဆိုရင် ပိုဆိုးသွားမှာပေါ့။ အလုပ်အကိုင်ကလည်း ရှားပါးသွားတဲ့အချိန် ဖြစ်ပါတယ်” ဟု စပါးကုန်သည် ဦးဘိုဘိုကိုကပြောသည်။

လက်ရှိတွင် ဆန်ဈေးနှုန်း ထိန်းချုပ်နိုင်ရန် အစိုးရနှင့် ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေပြီး၊ အခြေခံအလုပ်သမားများ၊ဝန်ထမ်းမိသားစုများ သက်သာစေရန် ဧည့်မထ ၁၀ ရာခိုင်နှုန်းအဆင့် 10 kg(၅ ပြည်ခန့်) တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here