စမ်းချောင်းတွင် ဓာတ်ပုံ ဆရာတစ်ဦး ဓားဖြင့် ထိုးခံရပြီးသေဆုံး၊ မော်ဒယ်အမျိုးသမီးတစ်ဦးကိုလည်း ဓားဒဏ်ရာများဖြင့် အဆိုပါအခန်း၌ တွေ့ရှိ

0
992

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း “777” ဘီယာဆိုင်ရှေ့ နေအိမ် (၆) လွှာရှိတိုက်ခန်းတစ်ခုအတွင်း၌ ဓာတ်ပုံဆရာတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး မော်ဒယ်အမျိုးသမီးတစ်ဦးကိုလည်း ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၂၆) ရက်ည (၁၁) နာရီခန့်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းရှိ ဘီယာဆိုင်ရှေ့၏ နေအိမ်တိုက်ခန်း (၆) လွှာတွင် အော်ဟစ်သံများကြားရကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သွားကြည့်တဲ့အချိန် တံခါးကအတွင်းထဲကနေ ပိတ်ထားလို့ တံခါးကိုဖျက်ပြီးဝင်ခဲ့ရတယ်။ အဲဒီမှာ အမျိုးသားက ထိုးသွင်းဒဏ်ရာ (၅)ချက်လောက်နဲ့ သေဆုံးနေပြီ ။ ဓာတ်ပုံဆရာလို့တော့သိရတယ်။ နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုလည်း ထိုးသွင်းဒဏ်ရာ (၂) ချက်လောက်နဲ့ အသက်ရှင်ရက်တွေ့ရတယ်။ အဲဒီအမျိုးသမီးက မော်ဒယ်လို့သိရပါတယ်။ အသေးစိတ်ကတော့ တာဝန်ရှိတဲ့လူတွေ စစ်ဆေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် ထိုးသွင်းဒဏ်ရာရရှိထားသည့် အမျိုးသမီးတို့အား စမ်းချောင်း အရန်မီးသတ်စခန်းမှ လူနာတင်ကား (၂) စီးဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“နှစ်ယောက်လုံးရဲ့ နာမည်တွေကတော့ ကျွန်တော်တို့လည်းမသိရသေးပါဘူး။ ကျွန်တော်တို့က အသက်ရှင်တဲ့လူနာကို ဆေးကုသမှု အမြန်ဆုံးခံယူနိုင်အောင် ဆေးရုံကိုအမြန်လိုက်ပို့ခဲ့တာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ရဲသူရိန်


LEAVE A REPLY

Please enter your comment!
Please enter your name here