လာမည့် ရွေးကောက်ပွဲအား ရခိုင်ပြည်နယ်၌ ပြည်နယ်လုံးကျွတ်ကျင်းပသွားမည်

0
244

နစက မှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်လျက်ရှိပြီး လာမည့်ရွေးကောက်ပွဲအား ပြည်နယ်လုံးကျွတ်ကျင်းပရန် ဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတည်ငြိမ်အေးချမ်းမှသာ ကောင်းမွန်သည့်အနာဂတ်ကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်သင့်သည်များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းနေထိုင်သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

“တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ် နိုင်ငံတော်ကလည်း လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌ ကပြောသည်။

ထို့ပြင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ဆောင်ရွက်ရမည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်ထာဝရငြိမ်းချမ်းစေရေးဆောင်ရွက်နိုင်မှသာ ဒေသခံနောင်လာနောက်သားတွေကို ကောင်းမွန်တဲ့အနာဂတ်ဘဝတွေ လက်ဆင့်ကမ်းနိုင်မှာဖြစ်သလို ဒေသဟာလည်း ပိုပြီးဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒေသဖွံဖြိုးတိုးတက်လာပါက ရခိုင်ပြည်နယ်သည် ပြည်တွင်း၊ပြည်ပခရီးသွားလုပ်ငန်းများအတွက် အခြေခံကောင်းများရှိပြီးဖြစ်၍ ခရီးသွားလုပ်ငန်းများတိုးတက်လာပါက ဒေသထွက် အစားအစာများနှင့်အသုံးအဆောင်များကို ရောင်းချနိုင်မည်ဟု ဆိုသည်။

ထိုသို့ ရောင်းချနိုင်ရန် ကုန်ပစ္စည်းထုတ်လုပ်မှုများကိုဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်စေရန်နှင့်ထုပ်ပိုးမှုများကို အဆင့်မီအောင်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ခရီးသွားတွေကိုဆွဲဆောင်နိုင်ဖို့အတွက် မိမိတို့ဒေသသန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှသာ မျက်စိပသာဒဖြစ်စေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here