အတူအိပ်ရန် အကျပ်ကိုင်ခဲ့သည့် ရည်းစား၏ ငယ်ပါကို ဓားဖြင့်ဖြတ်မှု အင်ဒိုနီးရှားတွင် ဖြစ်ပွား

0
802

အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် အတူအိပ်ရန် အတင်းအကျပ် ခြိမ်းခြောက်ခဲ့သော ရည်းစားဖြစ်သူ၏ ငယ်ပါကို ဓားဖြင့် ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် AST ဟု ဖော်ပြထားသော အမျိုးသမီးသည် မြောက်ဆူမာတြားပြည်နယ်၊ ဆီဘောဂါမြို့ရှိ ဟိုတယ်တစ်ခုတွင် ရည်းစားသက်တမ်း ခုနှစ်လခန့်ရှိပြီဖြစ်သော အမည်အတိုကောက် GO ဆိုသူနှင့် ချိန်းတွေ့ခဲ့ကြသည်။

ထိုစဉ် GO က ရည်းစားဖြစ်သူအား အတူအိပ်ရန် တောင်းဆိုခဲ့ရာAST က စိတ်မပါ​ကြောင်းငြင်းဆိုခဲ့သည်။ ထို့နောက် GO က အရင်က ရိုက်ကူးခဲ့ဖူးသော သူတို့နှစ်ဦး၏ လိင်ဆက်ဆံထားသည့် ဗီဒီယိုကို အင်တာနက်ပေါ် ဖြန့်ပစ်မည်ဟု ခြိမ်းခြောက်ကာ အတူအိပ်ရန် ကြိုးပမ်းခဲ့သည်။

ထို့ကြောင့် AST သည် GO ရေချိုးရန် ပြင်နေစဉ် ငယ်ပါကို ဓားဖြင့် ဖြတ်တောက်ခဲ့သည်ဟု ဆီဘောဂါ ရဲချုပ် တာယိုနို ရာဂျားဂျက AST ၏ ထွက်ဆိုချက်များအပေါ် အ‌ခြေခံ၍ ပြန်လည် ပြောပြထားသည်။

အဆိုပါဖြစ်ရပ်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ငယ်ပါ ပြတ်တောက်သွားသည့် ဒဏ်ရာကြောင့် GO သည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် မျက်ခြည်မပြတ် ဂရုတစိုက် ဆေးကုသမှုကို ခံယူနေရကြောင်း သိရသည်။

AST ကိုမူ ယခုလက်ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားသော်လည်း GO၏ ထွက်ဆိုချက်များကို မရရှိသေးသည့်အတွက် တရားစွဲဆိုထားခြင်း မရှိသေးပေ။

Source: ဒေးလီးမေးလ်


LEAVE A REPLY

Please enter your comment!
Please enter your name here