ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ မြစေတီဘုရားကြီးအား ယနေ့မှစတင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်

0
159

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေမှ ရှေးဟောင်းသမိုင်းဝင်မြစေတီဘုရားကြီးအား ဖေဖော်ဝါရီ ၂၈ ရက်(ယနေ့)နံနက် ၉ နာရီမှစတင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းများပြုလုပ်လျက်ရှိသည်။

ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန် ရှိသူများက ယနေ့တွင် စတင်ကပ်လှူပူဇော်ခဲ့ကြခြင်းဖြစ်သည်။

“မြစေတီဘုရားကြီးက ညောင်ဦးမြို့နယ်ထဲက မြင်းကပါကျေးရွာမှာရှိပါတယ် ရာဇကုမာရ်မင်းသားက အေဒီ -၁၁ ရာစုမှာတည်ထားကိုးကွယ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

မြစေတီဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် ရွှေဆိုင်း ၂၆၀၄ ဆိုင်း၊ ၉ လက်မပတ်လည်ရွှေပြား ၁၀၄၁၂ ချပ်တို့ဖြင့် ကပ်လှူပူဇော်သွားမည်ဖြစ်ကာ အလှူရှင်များအနေဖြင့် ၉ လက်မပတ်လည် ရွှေပြားတစ်ချပ်လျင် ၃၀၀၀၀ ကျပ်ဖြင့် ကပ်လှူပူဇော်နိုင်ကြောင်း သိရသည်။

မြစေတီဘုရားကြီး၏ မဟာရံတံတိုင်းအားပြုပြင်စဥ် ပျူ၊ မွန်၊ မြန်မာ၊ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသည့် အကောင်းအတိုင်းရှိနေသော ကျောက်စာတိုင်တစ်တိုင်၊ထက်ပိုင်းကျိုးနေသော ကျောက်စာတိုင်တစ်တိုင်တို့ကိုတွေ့ရှိခဲ့သဖြင့် အကောင်းအတိုင်းတွေ့ရသည့် ကျောက်စာတိုင်အား ပုဂံရှေးဟောင်းသုတေသနပြတွင် ပြသထားကြောင်း သိရသည်။

ထို့ပြင် ထက်ပိုင်းကျိုးနေသည့် ကျောက်စာတိုင်အားပြန်ဆက်၍ မြစေတီဘုရားကြီး ရင်ပြင်တော်ပေါ်၌ ကျောက်စာဂူဖြင့်ထိန်းသိမ်းပြသထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here