ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့မှ မှတ်ပုံတင်ခွင့်လျှောက်ထား

0
189

ပါတီ၃ပါတီတို့မှ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ လာရောက်လျှောက်ထားခဲ့သည်။

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီသည်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)]တို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများထုတ်ပြန်ပြီးသည့်နောက် လက်ရှိအချိန်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၄ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၉ ပါတီဖြစ်၍ စုစုပေါင်း ၁၃ ပါတီ ဖြစ်ကြောင်း UEC မှထုတ်ပြန်ကြေညာထားသည်။

ယင်း ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေကြောင်းသိရသည်။

၎င်းတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here