တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ဟိုဆောင်ဂိတ်ပြန်ဖွင့်ရန် ညှိနှိုင်းနေ

0
239

တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ဟိုဆောင်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် တရုတ်အစိုးရနှင့် မြန်မာကောင်စစ်ဝန်တို့ဆွေးနွေးနေကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်မှ သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လနောက်ပိုင်းကစပြီး ပိတ်ထားသည့် မူဆယ်နယ်စပ်ဂိတ်ရှိ မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူနှင့် ပန်ဆိုင်းဂိတ်တွေကို ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ ဂိတ် ၄ ဖြစ်သည့် ဟိုဆောင်ဂိတ်ကို ပြန်ဖွင့်ရန်ညှိနှိုင်းနေခြင်းဖြစ်သည်။

အဆိုပါ ပြန်လည်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များတွင် ကုန်ကားများဖြတ်သန်းခွင့်အပါအဝင် လူဖြတ်သန်းသွားလာခွင့်ကိုပါ ခွင့်ပြုထားကြောင်း၊ လက်ရှိတွင် နှစ်နိုင်ငံ border pass စာအုပ်များဖြင့် ဝင်/ထွက်သွားလာနေကြကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့နှင့် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး မူဆယ်နယ်စပ်သည် အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ကုန်သွယ်မှုပမာသည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄,၈၀၀ ကျော် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကုန်သွယ်မှုကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်သာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

ပုံစာ – တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခု


LEAVE A REPLY

Please enter your comment!
Please enter your name here