မနက်၁နာရီခွဲ ​လောင်တဲ့မီး တစ်နာရီအကြာတွင်ငြိမ်း​သော်လည်းမနက်လင်းမှ ​မီး​လောင်သေဆုံး​နေ​သော အမျိုးသမီး ၁ ဦး​တွေ့

0
141

စစ်ကိုင်းတိုင်း၊မြင်းမူမြို့၊သီဟရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းကဖြစ်ပွားခဲ့သည့် ကုန်စုံဆိုင်မီးလောင်မှုဖြစ်စဥ်၌ အမျိုးသမီးတစ်ဦးမီးလောင်သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁ နာရီ ၂၅ မိနစ်ခန့်က မြင်းမူမြို့၊သီဟရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မြင်းမူမြို့နယ်မီးသတ်စခန်း၊မြို့မအရန်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး ယင်းကုန်စုံဆိုင်မှ အမျိုးသမီး ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် မြင်းမူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ပြီးတဲ့အချိန်မှာ သေဆုံးတာကိုမသိရသေးဘူး။ ဒဏ်ရာရတဲ့ ၂ ယောက်ပဲတွေ့ခဲ့ရတယ်။ မီးလောင်သေဆုံးတဲ့ အမျိုးသမီးကိုကြတော့ ဒီနေ့(ဖေဖော်ဝါရီ ၂၈ ရက်)မနက်ပိုင်း အသေးစိတ်ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ဒုတိယထပ်က​နေတွေ့တာ။ ဆေးရုံကိုပို့ထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here