ယခုဘဏ္ဍာနှစ်အတွင်း ရေနံထွက်ပစ္စည်းများကို ကန်ဒေါ်လာ (၄) ဘီလီယံကျော်ဖြင့် အများဆုံးတင်သွင်းခဲ့

0
143

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇန်နဝါရီလကုန်အထိ (၁၀) လတာကာလအတွင်း ပြည်ပမှ သွင်းကုန်တင်သွင်းမှုများအနက် ရေနံထွက်ပစ္စည်းများကို ကန်ဒေါ်လာ (၄) ဘီလီယံကျော်ဖြင့် အများဆုံးတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်တွေအရ သိရသည်။

သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ပစ္စည်းဟူ၍ အုပ်စုလေးခုခွဲခြား၍ တင်သွင်းပြီး ပြည်ပမှအများဆုံးသွင်းကုန်ပစ္စည်း (၁၀) မျိုးတွင် ရေနံထွက်ပစ္စည်းများကို အများဆုံးတင်သွင်းခဲ့ခြင်းဖြစ်သည်။ ရေနံထွက်ပစ္စည်းများတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ၊ ရေနံဆီ၊ ဖိအားမြင့် သဘာဝဓာတ်ငွေ့(CNG)၊ သဘာဝဓာတ်ငွေ့ရည် (LPG) တို့ ပါဝင်ကြောင်းသိရသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းနေပြီး CMP လုပ်ငန်းတွင် ပါ၀င်သည့် လက်ခစားစနစ်ဖြင့် အထည်ချုပ်၊ ဖိနပ်၊ အိတ်၊ မှန်ဘီလူးသွေးခြင်းစသည့် လုပ်ငန်းများတွင် ပုဂ္ဂလိက CMP စက်ရုံ၊ အလုပ်ရုံများမှ ကုန်ကြမ်းတင်သွင်းနေခြင်းဖြစ်သည်။

ယင်းအပြင် သွင်းကုန်များထဲမှ ရေနံထွက်ပစ္စည်းပြီးပါက CMP ကုန်ကြမ်းများ အပါအဝင် ချည်ထည်တင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်နှင့် ဒုတိယအများဆုံး တင်သွင်းခဲ့ပြီး သံနှင့် သံမဏိကုန်ကြမ်းအတွက် ဒေါ်လာ (၅၆၄) သန်းကျော်၊ ဆေးဝါးပစ္စည်းအတွက် ဒေါ်လာသန်း (၅၄၀)၊ ဓာတ်မြေဩဇာအတွက် ဒေါ်လာ (၅၃၅) သန်းကျော်ဖြင့်တင်သွင်းဆောင်ရွက်ထားကြောင်း သိရသည်။

စက်နှင့် စက်ပစ္စည်းအတွက် ဒေါ်လာ (၅၃၄) သန်းကျော်၊ စားအုန်းဆီအတွက် ဒေါ်လာ (၅၃၂) သန်းကျော်၊ ပလက်စတစ်ကုန်ကြမ်းအတွက် ဒေါ်လာ (၅၂၈) သန်းကျော်၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းအတွက် Draw Back ဖြင့် MOGE မှ တင်သွင်းတန်ဖိုး (၄၅၆) သန်းအပါအဝင် အကောက်ခွန်မှ သွင်းကုန် ID ပါ HS အရ ဒေါ်လာ (၄၅၇) သန်းကျော် နှင့် လျှပ်စစ်ပစ္စည်းအတွက် ဒေါ်လာ (၄၄၅) သန်းကျော် သုံးစွဲထားကြောင်းသိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဘဏ္ဍာနှစ် (၁၀) လအတွင်း ပြည်ပမှ တင်သွင်းခဲ့သည့် အုပ်စုအလိုက် သွင်းကုန်ပစ္စည်းများတွင် CMP ပစ္စည်းများ၊ Draw Back ပစ္စည်း တန်ဖိုးများအပါအဝင် တင်သွင်းမှုပမာဏသည် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံနီးပါးအထိ ရှိနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here