နိုင်ငံရေးပါတီအချို့၏ ပါတီအမည် ၊ အလံ၊ တံဆိပ်တို့နှင့် ပတ်သက်၍ (၇) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာ

0
260

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်လျှောက်ထားသော ပါတီအချို့၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုပါက (၇) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း UEC က ထုတ်ပြန်ကြေညာသည်။

ယင်းသို့ ကန့်ကွက်လိုပါက ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံ‌သည့်အထောက်အထားများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရ ကြေညာထားခြင်း ဖြစ်သည်။

UEC က ပါတီအမည် ၊ အလံ ၊ တံဆိပ်များနှင့်တကွ ထုတ်ပြန်အသိပေးလာသည့် ပါတီ (၅) ခုရှိပြီး နစက ဦးသိန်းညွန့် ဦးဆောင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီနှင့် ဒီမိုကရေစီပါတီသစ်(ကချင်)တို့ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၃) ရက်က နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန်လျှောက်ထားလာခြင်းဖြစ်ပြီး ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ဖေဖေါ်ဝါရီ (၂၄) ရက်က မှတ်ပုံတင် လျှောက်ထားလာခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီသည် ဖေဖေါ်ဝါရီ (၂၂) ရက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ဖေ‌ဖေါ်ဝါရီ (၁၆) ရက် ၊ ဒီမိုကရေစီပါတီသစ်(ကချင်) သည် ဖေဖေါ်ဝါရီ (၂၂) ရက် ရက်စွဲဖြင့် အသီးသီး မှတ်ပုံတင် ပြန်လည်လျှောက်ထားလာကြခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ နိုင်ငံရေးပါတီ မှတ်ပုံတင်ပြန်လည်လျှောက်ထားလာသည့် ပါတီ (၁၃) ခုရှိပြီး ပြည်ထောင်စုအဆင့်ပါတီ (၅)ခုနှင့် တိုင်းနှင့်ပြည်နယ်အဆင့်ပါတီ (၈)ခုရှိကြောင်း UEC ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီ လကုန်ပိုင်းက ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ယခင်ရှိပြီးသား ပါတီများအနေဖြင့် (၂)လအတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မလျှောက်ထားပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်မည်ဖြစ်ကြောင်း ပြဌာန်းထားခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here