ရွေးကောက်ပွဲငမ်းငမ်းတက်နေ၍ ပါတီထောင်ခြင်းမဟုတ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးပြော

0
294

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟု နာမည်ကျော်ကြားခဲ့သည့် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲငမ်းငမ်းတက်နေ၍ ပါတီထောင်ခြင်းမဟုတ်ကြောင်း ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၇)ရက်နှင့်(၂၈) ရက်တွင် ပြုလုပ်သည့် ပါတီဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညီလာခံမတိုင်မီ ပေါ်ပြူလာနယူး(စ်) ၏ သီးသန့်မေးမြန်းမှုတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ ငမ်းငမ်းတက်နေလို့ ပါတီထောင်ထားတာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင် ပြောချင်လို့ ပါတီထောင်ထားတာဖြစ်တဲ့အတွက် ပါတီရပ်တည်ရေးကိုပဲ အဓိက ဦးစားပေးဆွေးနွေးနေတာပါ။ နိုင်ငံရေးသမားအတွက် နိုင်ငံရေး platform လိုတာကြောင့် နိုင်ငံရေးပါတီရပ်တည်ဖို့ကို အရင်ဆုံးဖြတ်ရမယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ဦးကိုကိုကြီး ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်ရန်ကြိုးစားခဲ့သော်လည်း ဦးပြုံးချိုတစ်ဦးတည်းသာ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးကိုကိုကြီး အပါအဝင် အခြားအဖွဲ့ဝင်များမှာ ပြည်သူ့ပါတီအမည်ဖြင့် ပါတီတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိ အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ နိုင်ငံရေး ပါတီများအားလုံး (၂)လအတွင်း မှတ်ပုံတင်ပြန်လည်လျှောက်ထားရန် လိုအပ်‌ပြီး ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီအနေဖြင့် ပါတီမှတ်ပုံတင်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံရေးနည်းလမ်းကို ယုံကြည်မှုရှိကြရန်နှင့် နိုင်ငံရေးနည်းအရဖြေရှင်းခြင်းသည်သာ သွေးထွက်သံယိုအနည်းဆုံးနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

“နိုင်ငံရေးဆုံးဖြတ်ချက်တွေကို လက်တွေ့ကျကျ ရလဒ်ကောင်းထွက်အောင် ဆုံးဖြတ်နိုင်ဖို့ ကျွန်တော်တို့ဘက်ကကြိုးစားရုံသာမက နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်များကလည်း ပြည်သူ‌တွေထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်တဲ့နည်းလမ်းကိုရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူတွေဘက်ကလည်း နိုင်ငံရေးနည်းလမ်းဟာ ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ပြောင်းလဲနိုင်တဲ့နည်းဖြစ်တဲ့အတွက် ယုံကြည်ပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် တည်ရှိရန် လိုအပ်သည်ဟု ယုံကြည်သည့်အပြင် ပြည်သူ့ပါတီအနေဖြင့်လည်း အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည်သက်ဝင်လျက် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ဗဟိုညီလာခံအပြီး ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် ပြည်သူ့ပါတီက အတိအလင်း ပြောကြားထားသည်။

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီအနေဖြင့် လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်း ဦးဆောင်သည့် NUDP ပါတီနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်းလည်း နှစ်ဖက်တာဝန်ရှိသူများက တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here