မော်လမြိုင်မြို့ ဘဲကုန်းဈေး အနောက်ဘက် မီးလောင်မှုတွင် နေအိမ် (၄) လုံး ပျက်စီးကာ (၂) ဦးသေဆုံး

0
224

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘဲကုန်းရပ်ကွက်၊ ဘဲကုန်းစျေးအနောက်ဘက်ရှိ နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ် (၄) လုံး မီးလောင်ပျက်ဆီးပြီး လူ(၂) ဦး သေဆုံးခဲ့ကြောင်း မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ မတ်လ (၁) မွန်းလွဲ (၂) နာရီ (၄၀) မိနစ်ခန့်က မော်လမြိုင်မြို့၊ ဘဲကုန်းရပ်ကွက်၊ ဘဲကုန်းစျေးအနောက်ဘက်ရှိ နေအိမ်တစ်လုံးမှ စတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းနေအိမ်အနီးမှ နေအိမ် (၃) လုံးလည်း မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၄) လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်တစ်လုံးအတွင်းမှ အသက်(၈၀)ခန့်အရွယ်ရှိလူကြီး (၁) ဦးနှင့် ကလေးငယ် (၁) ဦးတို့ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

“သေဆုံးသူ ၂ ဦးရှိပါတယ်။ အဖိုးတစ်ယောက်နဲ့ကလေးတစ်ယောက်ပေါ့။ အဖိုးက လေဖြတ်နေတာ အိမ် (၄)လုံးကတော့ အကုန်လုံးပျက်စီးသွားတယ်။ ကျွန်တော်တို့က မီးလောင်တဲ့ သတင်းရတာနဲ့ ချက်ခြင်းသွားပြီး ဝိုင်းငြှိမ်းပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ (၂) ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here