သခင်မြပန်းခြံအနီး နေအိမ်တစ်အိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

0
134

ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊အမှတ်(၈)ရပ် ကွက်တွင် မတ် ၂ ရက်(ယနေ့)နံနက်အစောပိုင်း ၄ နာရီ ၃၈ မိနစ်ခန့်က နေအိမ်တစ်အိမ်မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

လမ်းမတော်မြို့နယ်၊အမှတ်(၈)ရပ်ကွက်၊သခင်မြပန်းခြံအနီး၊အောင်ရတနာလမ်းရှိ နေအိမ်တစ်အိမ်မှစတင်၍ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုအား နံနက် ၄ နာရီ ၅၀ မိနစ်တွင် Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးထိန်းနိုင်ခြင်းမရှိသဖြင့် နံနက် ၅ နာရီ ၂ မိနစ်တွင် Level 2 အဆင့် မီးသတ်ကားများဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် နံနက် ၅ နာရီ ၂၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“တစ်နာရီကျော်လောက်ကြာအောင်ဝိုင်းငြှိမ်းခဲ့ရတယ် အိမ်တစ်အိမ်ကနေစလောင်တယ်ဆိုတာပဲသိတယ် အဲဒီနားမှာက ညအိပ် YBS ကားတွေလည်းရှိတယ် အခုထိ မီးကြွင်းမီးကျန်မရှိအောင် လုပ်နေတုန်းပဲ မီးကတော့လုံးဝငြိမ်းသွားပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here