သီလဝါစက်မှုဇုန်ရှိ စက်ရုံတစ်ရုံမှဝန်ထမ်းအမျိုးသမီး ၅၀ ဦးအား သရဲဝင်ပူးသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်

0
237

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊သီလဝါပြည်တွင်းစက်မှုဇုန်ရှိ Fine Line အိတ်စက်ရုံမှဝန်ထမ်းအမျိုးသမီး (၅၀)ဦးခန့်အား မတ် ၁ ရက်(ယမန်နေ့) ညနေပိုင်းက သရဲဝင်ပူးသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရှင်းလင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်အမှန်မှာ ယင်း အိတ်စက်ရုံမှ ဝန်ထမ်းအမျိုးသမီး ၁ ဦးသည် နေမကောင်းဖြစ်၍ ဆေးခန်းပြပြီးပြန်လာ၍ ခေတ္တနားနေစဥ် ဝက်ရူးပြန်သကဲ့သို့ ဂယောင်ဂတမ်းထယောင်ရာခြင်းအား ဘေးမှ အမျိုးသမီး ၂ ဦးကလန့်၍ ကတုန်ကရင်ဖြစ်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဝန်ထမ်းအမျိုးသမီး ၃ ဦးအား ဘေးမှ အလုပ်သမားများက နှိပ်နယ်ပေးခြင်း၊ယပ်ခတ်ပေးခြင်း၊ရေတိုက်ခြင်းများဆောင်ရွက်ခဲ့၍ သတိပြန်ရလာကာ ထိတ်လန့်နေဆဲဖြစ်သောကြောင့် ၎င်းတို့စိတ်ရှင်းစေရန် ဘုန်းတော်ကြီး ၃ ပါးအားပင့်ပြီး ပရိတ်ရွတ်ဖတ်ပေးခဲ့ရာ ထူးခြားမှုမရှိခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်း ဝန်ထမ်းအမျိုးသမီး ၃ ဦးအပါအဝင် အလုပ်သမားများအားလုံးသည် အလုပ်ဆင်းချိန်၌ နေအိမ်အသီးသီးသို့ပြန်သွားကြ၍ ယခုအချိန်တွင် စက်ရုံအားပိတ်ထားကာ သတင်းမှားများပြန့်နှံ့ခဲ့သည့်အတိုင်း ဖြစ်ပွားမှုမရှိခဲ့သော်လည်း စက်ရုံဝန်ထမ်းများစိတ်ရှင်းစေရန် မတ် ၂ ရက်(ယနေ့)တွင် စက်ရုံ၌ပရိတ်တရားတော်များ ထပ်မံရွတ်ဖတ်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here