ကျောက်မြောင်းတွင် မုန့်ဆင်းဝယ်ရာမှ ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်ကို နေပြည်တော်တွင် ပြန်တွေ့

0
1353

ဖေဖေါ်ဝါရီ (၂၈) ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ကျောက်မြောင်းရပ်ကွက်တွင် နေအိမ်မှ မုန့်ဆင်းဝယ်စဉ် ပျောက်ဆုံးသွားသည့် (၁၃) နှစ်အရွယ် အမျိုးသမီးငယ်ကို နေပြည်တော်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖခင်ဖြစ်သူထံမှ သိရသည်။

ဖေဖော်ဝါရီ (၂၈) ရက် မွန်းလွဲ (၂) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ကျောက်မြောင်းရပ်ကွက်ရှိ (၈)လွှာ တိုက်ခန်းမှ မျက်နှာချင်းဆိုင်ရှိ မုန့်ဆိုင်တွင် မုန့်ဆင်းဝယ်ရာမှ ကားတစ်စီးပေါ်သို့ ပါသွားခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပေါ်ပြူလာ နယူး(စ်) သို့ အခင်းဖြစ်ညတွင် ပြောကြားထားသည်။

အဆိုပါ ကားအား CCTV မှတ်တမ်းများမှတဆင့် လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နေပြည်တော်ဘက်သို့ မောင်းနှင်သွားကြောင်း သိရသဖြင့် လိုက်လံရှာဖွေစုံစမ်းခဲ့ရာမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြန်တွေ့သွားပါပြီခင်ဗျ။ နေပြည်တော်ဘက်မှာပါ။ အခုပြန်ခေါ်လာပြီး ကျွန်တော်တို့ ပြန်လာနေပါပြီ။ အခု ကျွန်တော်တို့ လက်ထဲမှာပဲရှိပါတယ်။ ပြန်တွေ့ပါပြီ” ဟု ဖခင်ဖြစ်သူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

အဆိုပါ အမျိုးသမီးငယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်တွင် လမ်းခုလတ်၌ဖြစ်နေ၍ ပြောကြားရန် အဆင်မပြေသေးသည့်အတွက် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမှသာ ပြောကြားပေးမည်ဟုလည်း ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးတွင် ကလေးငယ်ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၂) ရက်ကလည်း မန္တလေးမြို့တွင် အသက်(၇) နှစ်အရွယ်ကလေးငယ်တစ်ဦး ကျူရှင်သွားရာမှ ပျောက်ဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here