ဒယ်နီအိုး အပူလွန်ကဲကာ ဝါယာရှော့ဖြစ်ရာမှ ဆိုင် (၂) ဆိုင်နှင့် ဆိုင်ကယ် (၅)စီး မီးလောင်ဆုံးရှုံးမှု မင်းဘူးတွင် ဖြစ်ပွား

0
293

မကွေးတိုင်း၊ မင်းဘူးမြို့၊ အမှတ်(၄)နယ်မြေ ၊ရှမ်းစုရပ်၌ ဟင်းချက်ဒယ်နီအိုး အပူလွန်ကဲကာ ဝါယာလျှော့ဖြစ်ရာမှတဆင့် မီးလောင်ကျွမ်းပြီး ဆိုင်(၂) ဆိုင် မီးလောင်ကျွမ်းကာ ဆိုင်ကယ် (၅) စီး မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် (၂) ရက် ည (၁) နာရီ (၄၅) မိနစ်ခန့်က မင်းဘူးမြို့၊ အမှတ် (၄) နယ်မြေ ရှမ်းစုရပ်ရှိ “ရတနာအောင်” ဆိုင်ကယ် Second ရောင်းဝယ်ရေးဆိုင်တွင် ဟင်းချက်ဒယ်နီအိုး အပူလွန်ကဲကာ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နာရီဝက်ကျော်လောက်လောင်သွားတယ်။ ဆိုင်ကယ်အရောင်းဆိုင်က ဟင်းချက်ဒယ်နီအိုးကို မီးပလပ်ဖွင့်ပြီးတည်ထားခဲ့တယ်။ မီးပျက်သွားတော့ မီးပလပ်မဖြုတ်မိတော့ဘူး။ မီးလာတဲ့ အချိန်ကျတော့ အပူလွန်ကဲပြီး လောင်သွားတာလို့ သိထားတယ်”ဟု ဒေသခံ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်အား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊လုံခြုံရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများနှင့် အနီးပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည (၂)နာရီ (၁၅) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည် ။

မီးလောင်မှုကြောင့် “ရတနာအောင်”ဆိုင်ကယ် Second ရောင်းဝယ်ရေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဆိုင်ကယ် (၅) စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ “ရတနာအောင်” ဆိုင်ကယ် Second ရောင်းဝယ်ရေးဆိုင်ပိုင်ရှင်အား မင်းဘူးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here