မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ လာရောက်သင် ကြားပို့ချရန်ဆွေးနွေး

0
223

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်အိန္ဒိယနိုင်ငံ အာယုဗေဒ၊ဆိပ်ကမ်းနှင့်ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး H.E.Shri Sarbanada Sonowal တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၊အာသံပြည်နယ်၊ Guwahati မြို့တွင် မတ် ၂ ရက်မှ ၃ ရက်အထိကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံနှင့်ပြပွဲသို့တက်ရောက်ရန် အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အိန္ဒိယနိုင်ငံ၊အာယုဗေဒဌာနဝန်ကြီးလည်းဖြစ်ဆိပ်ကမ်းနှင့်ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သူအား မတ် ၁ ရက်ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တိုင်းရင်းဆေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန်၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှတိုင်းရင်းဆေးပညာရှင်များ လာရောက်သင်ကြားပို့ချရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ နှစ်စဉ်ကျင်းပသည့် တိုင်းရင်းဆေးသမားတော်များညီလာခံ၊တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများနှင့်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများတွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များတက်ရောက်၍ အသိပညာဖလှယ်ရေး၊နှစ်နိုင်ငံ တိုင်းရင်းဆေးပညာရှင်များလေ့လာရေးခရီး အပြန်အလှန်စေလွှတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျသုတေသနပြုလုပ်၍ ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ရေး၊တိုင်းရင်းဆေးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရန်အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများ တင်ပို့နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ အိန္ဒိယနိုင်ငံ၊အာယုဗေဒဝန်ကြီးဌာန အတွင်းရေးမှူး၊ အာယုဗေဒ အမျိုးသမီးနှင့်ကလေးဖွံ့ဖြိုးတိုးတက်ရေးပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here