​ချေး​ငွေစီမံကိန်း အဆင့် ၂ခုနှင့်ကိုဗစ်​ချေး​ငွေတို့ဖြင့် လူ ၂၆၈၆ဦး​ချေး​ပေးခဲ့၊ SME များကို ချေးငွေအသစ်များ အဆက်မပြတ် ထုတ်ချေးပေး​နေ

0
135

မတ် ၃ ရက်ကပြုလုပ်ခဲ့သည့် SME နှစ်ဆင့်ချေးငွေစီမံကိန်း၏ လုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)တွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမောင်မောင်ဝင်းက ​ချေး​ငွေများနှင့်ပတ်သက်၍ရှင်းလင်း​ဆွေး​နွေးခဲ့သည်။

SME နှစ်ဆင့်ချေးငွေစီမံကိန်း၏ စီမံကိန်းအဆင့်-၁ အား ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလမှစတင်၍ ငွေကျပ် ၅၇ ဒသမ ၆၃၄ ဘီလီယံဖြင့်မတည်ဆောင်ရွက်ခဲ့ပြီး SME လုပ်ငန်းရှင် ၂၆၉ ဦးကို ထုတ်ချေးခဲ့ပြီးဖြစ်သည်ဟုပြောသည်။

အဆိုပါ ချေးငွေများ၏ ဆပ်ငွေများအား လှည့်လည်ရန်ပုံငွေစာရင်းသို့ထည့်သွင်းကာ ယင်းရန်ပုံငွေမှ SME လုပ်ငန်းရှင်၂၈၃ဦးကို ငွေကျပ် ၆၆ ဒသမ ၉၄၄ ဘီလီယံ ထပ်မံထုတ်ချေးနိုင်ခဲ့သဖြင့် စီမံကိန်းအဆင့်-၁ တွင် ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ SME လုပ်ငန်းရှင် ၅၅၂ ဦးအား ငွေကျပ် ၁၂၄ ဒသမ ၅၇၈ ဘီလီယံထုတ်ချေးပေးခဲ့သည်ဟုဆိုသည်။(စီမံကိန်းအဆင့် ၁ တွင် မတည်​ငွေ ၅၇.၆၃၄ ဘီလျံဖြင့် လူ၅၅၂ ဦး ကို ၁၂၄.၅၇၈ ​ချေး​ပေးခဲ့ခြင်းဖြစ်သည်)

ထို့ပြင် စီမံကိန်းအဆင့်-၂ အား ၂၀၁၈ ခုနှစ်၊စက်တင်ဘာလမှစတင်၍ ငွေကျပ် ၁၉၄ ဒသမ ၉၆၅ ဘီလီယံမတည်ကာ SME လုပ်ငန်းရှင် ၁၃၀၆ ဦးကို ငွေကျပ် ၁၉၄ ဒသမ ၈၆၅ ဘီလီယံထုတ်ချေးနိုင်ခဲ့သည်ဟုသိရသည်။

ပြန်လည်ပေးဆပ်ငွေများအား လှည့်လည်ရန်ပုံ ငွေစာရင်းသို့ထည့်သွင်း၍ SME လုပ်ငန်းရှင် ၂၅၄ ဦးကို ငွေကျပ် ၆၆ ဒသမ ၃၈၆ ဘီလီယံ ထပ်မံထုတ်ချေးနိုင်ခဲ့သဖြင့် စီမံကိန်းအဆင့်-၂ တွင် ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ SME လုပ်ငန်းရှင် ၁၅၆၀ အား ငွေကျပ် ၂၆၁ ဒသမ ၂၅၁ ဘီလီယံထုတ်ချေးပေးခဲ့သည်ဟုပြောသည်။(စီမံကိန်းအဆင့် ၂တွင် မတည်​ငွေ ၁၉၄.၈၆၅ ဘီလျံဖြင့် လူ ၁၅၆၀အား ၂၆၁.၂၅၁ ဘီလျံ​ချေး​ပေးခဲ့သည်။)

ထို့ပြင် ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့သည့် SME လုပ်ငန်းရှင်များကိုလည်း အရေးပေါ်ချေးငွေ (Emergency Loan)အဖြစ် SME လုပ်ငန်းရှင် ၅၇၄ ဦးအား ငွေကျပ် ၇၁ ဒသမ ၇၃၁ ဘီလီယံ ထုတ်ချေးပေးထား​ကြောင်းသိရသည်။

ထို့​ကြောင့် ​ချေး​ငွေ စီမံကိန်းအဆင့်နှစ်ခုလုံးနှင့်ကိုဗစ်အပါအဝင် ​ချေး​ပေးသူ ၂၆၈၆ ဦးကိုချေး​ငွေစုစု​ပေါင်း ၄၅၇.၅၆ ဘီလီယံ ​ချေး​ပေးခဲ့ခြင်းဖြစ်သည်။

MSME များအား အတိုးနှုန်းသက်သာသည့် ချေးငွေများပံ့ပိုးနိုင်ရန် SME လုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေကျပ်သန်း ၅၀၀ အထိ အရစ်ကျပြန်ဆပ်စနစ်ဖြင့်ထုတ်ချေးခဲ့ပြီး ချေးငွေရယူလိုသည့် SME များကို ချေးငွေအသစ်များ အဆက်မပြတ် ထုတ်ချေးပေးလျက်ရှိသည်ဟုလည်းသိရသည်။

စီမံကိန်းအဆင့်-၁ နှင့်စီမံကိန်းအဆင့်-၂ တို့၏ လှည့်လည်ရန်ပုံငွေစာရင်းတွင် ကျန်ရှိသည့် ရန်ပုံငွေများအား စီမံကိန်းတွင်ပါဝင်သည့် ဘဏ်များမှတစ်ဆင့် SME ချေးငွေစံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လုပ်ငန်းများကိုထုတ်ချေးနိုင်ရန်ဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here