ကားအရောင်းစင်တာအများစုသည် ပြန်ရောင်းပြန်ဝယ်စနစ်ဖြင့် အဆင်ပြေသလို ရပ်တည်နေကြဟုဆို

0
225

ကားအရောင်းစင်တာအများစုသည် ပြည်တွင်း၌ရှိသည့်ကားတွေကိုသာ ပြန်ရောင်းပြန်ဝယ်စနစ်ဖြင့် အဆင်ပြေသလို ရပ်တည်နေကြရကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ အဆင်ပြေအောင် သွားနေတယ်၊ ကားအသစ်တွေတင်သွင်းခွင့်မရှိတော့ဘူးဆိုတဲ့နေရာမှာ တချို့ showroom တွေရပ်သွားကြတယ်၊ တချို့လည်းယာယီပိတ်သွားကြတယ်၊ တချို့အရောင်းစင်တာတွေကျတော့ ရောင်းထားပြီးသား ကားဟောင်းတွေကို trade အနေနဲ့ ပြန်ဝယ်ပြီး ပြန်ရောင်းကြတယ်၊ ဒီလိုနဲ့ပဲဝန်ထမ်းစရိတ်ပြန်ထိန်းကြတယ်၊ Showroom တွေရဲ့အငှားစရိတ်တွေ၊ ဝန်ထမ်းစရိတ်တွေကို ဒီလိုပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်တွင်းမှာပဲရှိတဲ့ကားတွေကို ပြန်ရောင်းပြန်ဝယ်နဲ့ အဆင်ပြေသလိုရပ်တည်နေကြရတယ်”ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ပြည်တွင်း၌ ဒေါ်လာလိုအပ်ချက်ကြောင့် ပြည်ပမှ ကားအသစ် တင်သွင်းခွင့်ပါမစ်များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒ ထွက်ရှိလာသော်လည်း ကားအရောင်းစင်တာများကိုတော့ ခွင့်ပြုပေးထားခြင်း မရှိကြောင်း သိရသည်။ လက်ရှိတွင်လုပ်ငန်းသုံးကားများကိုသာ တင်သွင်းခွင့်ပြုထားပြီး တစ်ပတ်လျှင် ၅ စီးနှုန်းဖြင့် တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိရန်ကုန်ကားဈေးကွက်အတွင်း အများစုဝယ်နိုင်သည့် သိန်း ၅၀၀ နှင့် ၁၀၀၀ ကြား ကားအမျိုးအစားများအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here