စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရရှိထား၊ ယမန်နှစ်ထက် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ပိုမိုရရှိခဲ့

0
181

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၄ ရက်အထိ ဆယ်လတာနီးပါးကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၄ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

အလားတူ ပြီးခဲ့သည့်နှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၆ ဘီလီယံကျော်ရရှိထားပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ ဘီလီယံကျော် ပိုမိုရရှိထားခြင်းဖြစ်သည်။

ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချောတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၃ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၀ ဘီလီယံကျော်ရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ပြည်ပသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတွေကို တင်ပို့နေပြီး စက်မှုကုန်ချောတင်ပို့သည် အများဆုံးပို့ကုန်ဝင်ငွေ ရရှိထားခြင်းဖြစ်သည်။

စက်မှုကုန်ချောပစ္စည်းများအနက် ချုပ်ပြီးအထည်အပါအဝင် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများပါဝင်ကြောင်း သိရသည်။

Photo – myanmartradeportal.gov.mm


LEAVE A REPLY

Please enter your comment!
Please enter your name here