ကမ်းခြေတွင် ဆိုင်ကယ်စီးလာသည့်စုံတွဲအား သေနတ်ဖြင့်ပစ်ကာ ဆိုင်ကယ်နှင့် ဆွဲကြိုးလုယက်ခံရမှု လမိုင်းမြို့နယ်တွင် ဖြစ်ပွား

0
286

မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ သောင်ပြင်ကျေးရွာရှိ သောင်ပြင်ကမ်းခြေတွင် ဆိုင်ကယ်စီးလာသည့် စုံတွဲအားသေနတ်ဖြင့်ပစ်ခတ်ကာ ဆိုင်ကယ်နှင့်ရွှေဆွဲကြိုးလုယက်ခဲ့မှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု TPR Rescue သောင်ပြင်ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့ နေ့လယ် (၁၂) နာရီခန့်က သောင်ပြင်ကမ်းခြေတွင် ဆိုင်ကယ်စီးနင်လာသည့် စုံတွဲအား အမည်မသိ အမျိုးသား (၂) ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ်နှင့် အမျိုးသားထံမှ ရွှေဆွဲကြိုးကို လုယူထွက်ပြေးသွားကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးဖြစ်သူ၏ ဝမ်းဗိုက်ချက်ဘေးအနီးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် TPR Rescue သောင်ပြင်ကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် လမိုင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကျည်က ချက်ဘေးနားကနေ ဖောက်ထွက်သွားတယ်။ လမိုင်းဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရထားတဲ့ဒဏ်ရာက စိုးရိမ်ရတဲ့အတွက် မော်လမြိုင်ဆေးရုံကြီးကိုလွှဲလို့ မော်လမြိုင်ဆေးရုံကြီးကို ထပ်ပို့ပေးခဲ့ပါတယ်။အခုဆေးကုသမှုခံယူနေဆဲပါပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here