ဗိုလ်ချုပ်ဈေးရှိ နှင်းဆီကျောက်မျက်ရတနာ အရောင်းဆိုင် ဖောက်ထွင်းခံရပြီး သိန်းရာချီတန်ဖိုး ရှိသော ကျောက်စိမ်းလက်စွပ် ၊ လက်ကောက်နှင့် ပန်းပုများပါသွား

0
355

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးတွင် ဖွင့်လှစ်ထားသည့် “နှင်းဆီ” ကျောက်မျက်ရတနာအရောင်းဆိုင် ဖောက်ထွင်းခံရကာ သိန်းရာနှင့်ချီတန်ကြေးရှိသည့် ကျောက်စိမ်းလက်စွပ်၊ လက်ကောက်၊ နားကပ်နှင့် ပန်းပုများ ယူဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၃) ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ်လ (၄) ရက် နံနက်ပိုင်းတွင် ဆိုင်နီးချင်းဖြစ်သူများမှ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာမှ ယခုလိုဖောက်ထွင်း ခံရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ဖောက်ထွင်းခံရသည့်ဆိုင်၏ ပိုင်ရှင်ဖြစ်သူမနှင်းဆီမှပေါ် ပြူလာနယူး(စ်) သို့ ပြောသည်။

” သောကြာနေ့မှာ ကျွန်မတို့က ဆိုင်ထွက်တယ်။ (၄) နာရီမှာ သိမ်းပြီးပြန်တယ်။ မနေ့က (၄) ရက်နေ့ကျတော့ ပဲခူးမှာ အလှူရှိလို့ အလှူသွားနေတာ။ (၁၀) နာရီခွဲလောက်ကျတော့ ဆိုင်ဘေးက မိတ်ဆွေက ဖုန်းဆက်လာတယ်။ မနှင်းဆီရေ ဆိုင်သော့ကမခတ်ထားဘူးနော်၊ ဒီဘက်တစ်လုံးက ဆိုပြီးတော့။ ဒါဆိုရင်တော့ သေချာပြီ အဖျက်ခံရဖို့ပဲပေါ့နော်။ ကျွန်မ သေသေချာချာ ခတ်ခဲ့တာပေါ့နော်။ ရတနာ၊ ကျောက်ဆိုင်ဆိုတော့ ၊ ဆိုင်က လေးခန်းတွဲဆိုတော့ သော့က နှစ်ခု နှစ်ခုနဲ့ လေးဘက်လေးတန်ခတ်ထားတာ ၊ တခါးနည်းနည်းသေးတာကျတော့ တစ်ခုပဲ ခတ်ထားတာပေါ့နော်။ အဲဒါကို အက်ဆစ်နဲ့ စားပြီး ဖောက်သွားတာ” ဟု နှင်းဆီ ကျောက်မျက်ရတနာအရောင်းဆိုင်ပိုင်ရှင် မနှင်းဆီက ပြောသည်။

အဆိုပါ ဆိုင်ဖောက်ထွင်း ခံရသည့် ဖြစ်စဉ်သည် မတ်လ (၃) ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး ကျောက်စိမ်း လက်ကောက်၊ လက်စွပ်၊ ကျောက်စိမ်း နားကပ်၊ ကျောက်စိမ်းပန်းပု ရာနှင့်ချီပါသွားသည့်အပြင် နီလာလုံးချော လက်စွပ် အနည်းငယ်လည်း ပါသွားကြောင်း သိရသည်။

ဆိုင်နီးနားချင်း မိတ်ဆွေဖြစ်သူမှ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသည့်အတွက် ဈေးတာဝန်ရှိသူများ ၊ လုံခြုံ ရေးအဖွဲ့များ၊ မြို့နယ်အာဏာပိုင်အဖွဲ့များနှင့်အတူ ဆိုင်အတွင်းဝင်ရောက် စစ်ဆေးစဉ် ဆိုင်အတွင်းရှိ လက်ဝတ်ရတနာများ တည်ခင်းထားသည့် မှန်ပုံးတံခါးကို ဖျက်ကာ အတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို မွှေနှောက်ရွေးချယ်၍ ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

” ခိုးတဲ့သူက သေသေချာချာကို ရွေးသွားတယ်။ ငွေနဲ့ ကွင်းထားတဲ့ လက်စွပ်က ကွင်း တစ်ရာကျော်၊ ကျောက်စိမ်း လက်ကောက်ဆိုလည်း ဒီလိုပဲ ၊ နောက်ပြီး ကျောက်စိမ်း ပန်းပုလည်း အဲဒီလိုပဲ။ အကောင်းတွေပဲ ရွေးပြီးယူသွားတယ်” ဟု မနှင်းဆီက ဖြစ်စဉ်ကို ရှင်းပြသည်။

အဆိုပါ ဖောက်ထွင်းခံရသည့် နှင်းဆီကျောက်မျက်ရတနာအရောင်းဆိုင်သည် ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး အနောက် (ဒီ) ရှိ ဆိုင်ခန်းအမှတ် (၂၃),(၂၄),(၃၄),(၃၅) လေးခန်းတွဲ ဆိုင်ခန်းဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ မနှင်းဆီ၏ ရှင်းပြချက်အရ သိရသည်။

ကျူးလွန်သူများသည် ကျောက်စိမ်းအချောထည်များအပြင် နီလာလုံး ချောလက်စွပ် (၁၀) ကွင်းကိုပါ ယူဆော င်သွားကြောင်းနှင့် ပျောက်ဆုံးသွားသည့် ပစ္စည်းများမှာကာလတန်ဖိုး သိန်းရာနှင့် ချီတန်ကြေးရှိပြီး အသေးစိတ်တန်ဖိုးကို မတွက်ချက်ရသေးကြောင်း သိရသည်။

နှင်းဆီ‌ကျောက်မျက်ရတနာ အရောင်းဆိုင် Page တွင် တင်ထားသည့် ပျောက်ဆုံးသွားသည်ဆိုသည့် ကျောက် စိမ်းအချောထည်များအား ကျောက်စိမ်းအကြောင်းနားလည်သူများနှင့် ဈေးကွက်ကျွမ်းကျင်သူများအားအား ပြသ၍ မေးမြန်းကြည့်ရာ ဆုံးရှုံးမှုတန်ဖိုး သိန်း ၅၀၀ နှင့်အထက် ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

လက်ရှိတွင် ဈေးပိတ်ရက်ဖြစ်နေသည့်အတွင် ဈေးအတွင်းရှိ လုံခြုံရေး CCTV မှတ်တမ်များအား ပြန်လည်စစ် ဆေးနိုင်ရန် အခက်အခဲရှိနေသည့်အတွက် ဈေးပြန်လည်ဖွင့်လှစ်သည့် နေ့ရောက်မှသာ CCTV မှတ်တမ်များ ပြန်လည်စစ်ဆေးကြည့်ရှုသွားမည်ဟုလည်း မနှင်းဆီကပြောသည်။

အဆိုပါ ဆိုင်ဖောက်ထွင်းခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိတွင် ပန်းဘဲတန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့် တိုင် ကြားထားပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆစ်ဆေးမှုများ လုပ်ဆောင်ကာ ဖောက်ထွင်းမှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here