ရန်ကုန်တိုင်းရှိ မြို့နယ် ၄ ခုတွင် မူးယစ်ဆေးဝါးများဖမ်းမိ

0
278

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ လှိုင်၊ မင်္ဂလာဒုံနှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့မှ မူးယစ်ဆေးဝါးများအား မတ်လ ပထမပတ်အတွင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့ဝင်များသည် မတ် ၅ ရက် နေ့လည် ၃ နာရီခွဲက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ ခရေလမ်းနေ မျိုးမင်းဆက်(ခ)ကိုဆက်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဒေါ်နီနီထွန်း(၅၄)နှစ်အား စိတ်ကြွဆေးပြား ၁၀၀၀၀ ပြား၊ ဆေးခြောက် ၇၀၀ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မတ် ၄ ရက်ည ၇ နာရီတွင်လည်း လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းတွင် လမ်းလျှောက်လာသည့် ဇော်ဇော်၀င်း(ခ)ငလက်မ(၃၃)နှစ်ထံမှ စိတ်ကြွဆေးပြား ၄၅၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်ကလည်း မင်္ဂလာဒုံမြို့နယ်၊ (၂/ခ)ရပ်ကွက်တွင် လမ်းလျှောက်လာသည့် ခန့်ဇော်ဟိန်း(ခ)အတီး(၂၀)နှစ်နှင့် ဟိန်းလင်းဆွေ(ခ)စိန်၀မ်စန်း(၁၈)နှစ်တို့ထံမှ စိတ်ကြွဆေးပြား ၄၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ ဝိသကြုံလမ်းနေ ရဲခန့်(၁၉)နှစ်နှင့် မဖြူစင်တင်လှ(၂၅)နှစ်တို့၏နေအိမ်မှ စိတ်ကြွဆေးပြား ၇၀၀၀ ပြားအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉) ရပ်ကွက်၊ ပတ္တမြားရတနာလမ်းနေ ရဲကိုပိုင်(ခ)မော်ကြီး(၃၄)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အေးချမ်း(ခ)အေးချမ်းပိုင်(၃၆)နှစ်တို့အား အိုက်စ်(မက်သ်အဖက်တမင်း ၅၀ ဂရမ်)နှင့်အတူ မတ် ၃ ရက်ညနေ ၄ နာရီခန့်က ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ညနေ ၅ နာရီခွဲတွင် အောင်ကျော်ဖြိုး(ခ)ဂူကြီး(၃၁)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရပ်ကွက်၊ မြ၀တီမင်းကြီးလမ်းရှိ နေအိမ်တွင်ထပ်မံဖမ်းဆီးရမိခဲ့ပြီး ည ၆ နာရီ ၂၀ မိနစ်၌ အေးချမ်း(ခ)အေးချမ်းပိုင် နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့(၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း ၂ ဒသမ ၉၂ ကီလိုအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here