အိန္ဒိယ၌အမှိုက်သန့်စင်‌‌စက်ရုံမီးလောင်, အဆိပ်သင့်ဓာတ်ငွေ့များကြောင့် မီးငြှိမ်းရန်ခက်ခဲ

0
185

အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုချီမြို့ရှိ အမှိုက်သန့်စင် စက်ရုံမီးလောင်ရာ စွန့်ပစ်ဓာတုပစ္စည်းများကြောင့် အဆိပ်သင့်ဓာတ်ငွေ့များပါဝင်နေသဖြင့် မီးငြှိမ်းနိုင်ရန်ခက်ခက်ခဲခဲလုပ်ဆောင်နေရပြီး ငါးရက်ကြာသည်အထိ အပြီးသတ်မငြှိမ်းနိုင်သေးကြောင်းသိရသည်။

မီးကိုထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း တငွေ့ငွေ့လောင်နေဆဲဖြစ်ကာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် မီးခိုးများအဆိပ်သင့်သကဲ့သို့ဖြစ်နေသဖြင့် မီးသတ်သမားများသည် ကြိုးစားရုန်းကန်နေရသည်ဟုဆိုသည်။

မီးလောင်ရခြင်းအကြောင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း အမှိုက်များအနက် အောက်ခြေရှိပလတ်စတစ်အမှိုက်များမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်သမားတစ်ဦးကပြောကြားခဲ့သည်။

အမှိုက်သန့်စင်စက်ရုံများ၌ မီးလောင်ကျွမ်းမှုသည် အဖြစ်များသောဖြစ်ရပ်တစ်ခုဖြစ်ပြီး အမှိုက်များကိုသန့်စင်ချိန်၌ မီသိန်းဓာတ်ငွေ့ထွက်လေ့ရှိသောကြောင့် မီးလောင်ရခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

မီးလောင်ရာမှထွက်လာသော အဆိပ်သင့်မီးခိုးများကြောင့်လည်း မီးသတ်သမားများ မူးဝေအော့အန်ခြင်းများဖြစ်ပေါ်ကာ ယခုဖြစ်စဉ်၌ မီးသတ်သမားအယောက် ၂၀ ထက်မနည်းသည် အဆိုပါမီးခိုးများကိုရှူမိရာမှ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်လာကြကြောင်းသိရသည်။

လက်ရှိအခြေအနေအရ ဒေသခံများအား တတ်နိုင်သမျှအိမ်ထဲနေကြရန်နှိုးဆော်ထားပြီး ကျောင်းများ၊ရုံးများလည်းပိတ်ထားသည်ဟုသိရသည်။ မဖြစ်မနေအပြင်ထွက်ပါက N – 95 နှာခေါင်းစည်းတပ်ရန်လည်းတိုက်တွန်းထားသည်။

ကျန်းမာရေးဌာနအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၏ အရေးပေါ်အခြေအနေအတွက် လိုအပ်သည်များကို အရန်သင့်ပြင်ဆင်ထားကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး ယခုအချိန်ထိမူ ပြင်းထန်သောလူနာများရောက်လာခြင်းမရှိသေးဟုလည်းဆိုသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here