သံရည်ကျိုနည်းစဉ် Romelt ကို အသုံးပြုထားသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်း 

0
302

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်၊ပင်းပက်ဒေသ၊ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာနအမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက် ရုံ(ပင်းပက်)သို့ နစက ဥက္ကဋ္ဌမှ မတ် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည်မဖြစ်မနေလိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိ၍ သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင်အကောင်အ ထည်ဖော်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

“နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ သံ၊သံမဏိ ထုတ်ကုန်တွေကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းဖို့မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ခိုင်မာသည့် ဈေးကွက်ရှိခြင်းတို့ကြောင့် မဖြစ်မနေအောင်မြင်အောင်အကောင်အ ထည်ဖော်ဆောင်ရန်လိုအပ်သည့် စီမံကိန်းဖြစ် သည်ဟု ဆိုသည်။

“အခုစီမံကိန်းကို ငွေကြေးအခက်အခဲ၊နည်းပညာအခက်အခဲတွေကြားက အကောင်အထည်ဖော်ခဲ့ရတာဖြစ်ပေမယ့် စီမံကိန်းအပေါ် နားလည်မှုနဲ့မဟာဗျူဟာမြောက်အမြင်မရှိဘဲ စီမံကိန်းကို ၂၀၁၇ ခုနှစ်မှာရပ်ဆိုင်းခဲ့လို့ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရပါတယ်။ ခေတ်မီနိုင်ငံတစ်ခုတည် ဆောက်ဖို့အတွက် သံမဏိလိုအပ်ချက်က မလွဲမသွေရှိနေမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ကမ္ဘာ့ပထမဆုံး သံရည်ကျိုနည်းစဉ် Romelt ကိုအသုံးပြုထား၍ အလုပ်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ပြု လုပ်နိုင်ရေးနှင့်အလုပ်ရုံများအချင်းချင်းချိတ် ဆက်၍ ထုတ်လုပ်မှုဆောင်ရွက်နိုင်ရေးလုပ်ငန်း စဉ်များအလိုက် စနစ်တကျနှင့်အလေးထားဆောင်ရွက်ကာ လုပ်ငန်းဆောင်ရွက်မှုနှင့်အရည် အသွေးစစ်ဆေးမှုများကို Third party ဖြင့် စစ်ဆေးမှုများ၊မှတ်တမ်းထားရှိမှုများပြုလုပ်ထားရမည်ဟု မှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌသည် သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ကုန်ကြမ်းသိုလှောင်ဖြန့်ဖြူးရေးအလုပ်ရုံ၊စွန့် ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊သံရည်ကျိုအလုပ်ရုံ၊သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊သံစိမ်းတုံးသိုလှောင်သည့်နေရာ၊ဖိအားမြင့်လေထုတ်အလုပ်ရုံတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့သည်။

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းအား ရုရှားနိုင်ငံ Tyazhpromexport(TPE)နှင့်မြန်မာစီး ပွားရေးကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂၀၀၆ ခုနှစ်၊စက်တင်ဘာ ၅ ရက်ကစတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊အောက်တိုဘာ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက်လုပ်ဆောင်ခဲ့ကာ ၂၀၁၇ ခုနှစ်၊မတ် ၁၅ ရက်တွင် ယာယီရပ်ဆိုင်းခဲ့သည်။

ထို့နောက်  ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင်ခဲ့ပြီး လက်ရှိအချိန်အထိ စီမံကိန်းရှိ အလုပ် ရုံ ၂၂ ရုံအနက် ၁၉ ရုံအား ဝန်မပါစမ်းသပ်လည် ပတ်နိုင်ခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here