ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရ၊တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်၍ လျှပ်စစ်ဓာတ်အားထိန်းညှိပြီး ရရှိအောင်ဆောင်ရွက်သွားမည်ဟု YESC ပြော

0
269

မွန်ပြည်နယ်၊  ဘီလင်းမြို့ရှိ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်း ယနေ့ (မတ်လ ၉ ရက်) မနက်ပိုင်းက မိုင်းခွဲခံရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးလာသည်။

ယနေ့ မနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ အနီးတွင် (၂၀)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအားမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၅၅) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်သည့်အတွက် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ရေအား လျှပ်စစ်ဓာတ်အားပေးစက်များမှ တိုးမြှင့်ထုတ်လုပ်ပေးမည်ဖြစ်ပြီး စက်မှုဇုန်များ အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏကို ထိန်းညှိကာ အများ ပြည်သူ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေး စီမံဆောင်ရွက်သွားမည်ဟု ဆိုသည်။ 

တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးသည့် ကာလတွင်မူ စက်မှုဇုန်များပုံမှန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here