သဲတင်လာသည့်ကားနောက်ပိုင်းကိုဝင်တိုက်မိ၍ ခရီးသည်တင်(Express)ကားတိမ်းမှောက်ခဲ့မှု ပုဏ္ဏားကျွန်းမြို့နယ်တွင်ဖြစ်ပွား

0
135

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ယာချောင်းကျေးရွာအနီးတွင် မတ် ၉ ရက်(ယနေ့)မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပိုးရွှီးပြင်မဟာမိတ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က ရန်ကုန်ဘက်မှစစ်တွေဘက်သို့မောင်းနှင်လာသည့် ခရီးသည်တင်(Express)ကားသည် ပုဏ္ဏားကျွန်းမြို့နယ်၊ယာချောင်းကျေးရွာအနီးအရောက် အချက်ပြမီးမပြဘဲ လမ်းကွေ့နေသည့် သဲတင်ကား၏နောက်ပိုင်းကိုဝင်တိုက်မိပြီးနောက် လမ်းဘေးသို့ထိုးကျကာ တိမ်းမှောက်သွားခဲ့သည်။

ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ ပိုးရွှီးပြင်မဟာမိတ်လူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ခရီးသည်တင်(Express)ကားတိမ်းမှောက်မှုကြောင့် အမျိုးသမီး ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ပိုးရွှီးပြင်မဟာမိတ်လူမှုကူညီရေးအသင်းမှ ပုဏ္ဏားကျွန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ပြင်းထန်ဒဏ်ရာတော့မဟုတ်ပါဘူး အမျိုးသမီး ၂ ယောက်လုံးက ခါးကိုအနည်းအကျဥ်းထိသွားတာပါ ဆေးရုံမှာလိုအပ်တာတွေကုသပေးပြီးတာနဲ့ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
Photo-PDYO


LEAVE A REPLY

Please enter your comment!
Please enter your name here