အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး (၉၆) ကြိမ်မြောက်အာဆီယံစီးပွားရေးအကြံပေးကောင်စီ ASEAN Business Advisory Council (ASEAN BAC) အစည်းအဝေးကို မတ်လ ၈ ရက်နေ့တွင် အွန်လိုင်း Virtual Meeting ဖြင့် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းချိတ်ဆက်၍ ဒေသတွင်း စီးပွားရေးခိုင်မာတောင့်တင်းပြီး အားကောင်းလာစေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ (၉၅) ကြိမ်မြောက် ASEAN-BAC အစည်းအဝေး၏ အကျဉ်းချုံး မှတ်တမ်းကိစ္စရပ်များ၊ ASEAN-BAC Malaysia Council မှ အဖွဲ့ဝင်အသစ်များ၏ မိတ်ဆက်ခြင်းအစီအစဉ်၊ အာဆီယံနိုင်ငံများ၏ Legacy Projects ဆိုင်ရာကိစ္စရပ်များ၊ AEM Retreat Dialogue အတွက် မူကြမ်းအစီရင်ခံစာ၊ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများကိုဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် ASEAN-BAC ဥက္ကဋ္ဌမှ Road Show အနေဖြင့် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် တို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အစရှိသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ASEAN- BAC Myanmar အဖွဲ့ဝင်များဖြစ်သော ကုန်သည်စက်မှုအသင်းချုပ်၏ Senior Executive Advisor ဦးဇော်မင်းဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်နှင့် IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။