အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင်မြန်မာကအကြမ်းဖက်အဖွဲ့များ ကျူးလွန်နေသည့်လုပ်ရပ်များကိုပြစ်တင်ကန့်ကွက်ရန်တိုက်တွန်း

0
180

နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးမှ အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့၌ မတ် ၅ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ခါ မြန်မာနိုင်ငံ၏အခြေအနေများကိုရှင်းလင်းပြောကြားပြီး၊အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် မဟုတ်မမှန်လုပ်ကြံစွပ်စွဲပြောဆိုမှုများနှင့်မမျှတသည့်ပြောကြားချက်များကို တုန့်ပြန်ရှင်းလင်းခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုများလုပ်ဆောင်နေသည့်အဖွဲ့များနှင့်သောင်းကျန်းသူအဖွဲ့အချို့၏ ကျူးလွန်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး အကြမ်းဖက်အဖွဲ့များဘက်မှ ကျူးလွန်နေသည့်လုပ်ရပ်များနှင့်မည်သည့် အကြမ်းဖက်လုပ်ရပ်များကိုမဆိုပြစ်တင်ကန့်ကွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာယန္တရား၊ငြိမ်းချမ်းရေးမြှင့်တင်ဆောင်ရွက်ခြင်း၊နိုင်ငံရေးတည်ငြိမ်အေးချမ်းရေး၊စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံ၏အမြင်ကိုလည်း အမြဲတမ်းအတွင်းဝန်ကဆွေးနွေးခဲ့သည်။

အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းဝေး၊အာဆီယံအပေါင်း သုံး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊(၃၅)ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့်(၂၅) ကြိမ်မြောက် အာဆီယံ-အိန္ဒိယအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများသို့ အမြဲတမ်းအတွင်းဝန်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးနှင့်ဆက်စပ်၍ နိုင်ငံအချို့မှဆွေးနွေးဖက်ပုဂ္ဂိုလ်များနှင့်အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးကတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း ဆွေးနွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here