ယူကရိန်း၏ ခံစစ်အခြေအနေကို သိရန် အသုံးပြုခဲလှသော ဒုံးကျည်များဖြင့် ရုရှားက စမ်းသပ်ခြင်းဖြစ်ဟုဆို

0
218

ယူကရိန်းနိုင်ငံ၏ ခံစစ် အခြေအနေကို သိရရန်အတွက် အသုံးပြုခဲလှသော ဒုံးကျည်များဖြင့် ရုရှားတို့က စမ်းသပ်ခြင်းဖြစ်ကြောင်း နိုင်ငံတကာ စစ်ဗျူဟာ ပညာရှင်များကဆိုသည်။ ယူကရိန်းတွင် လက်ရှိအသုံးပြုနေသော လေကြောင်းရန်ကာကွယ်ရေးစနစ်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံများက ကူညီပေးပို့ထားသော လက်နက်ပစ္စည်းများဖြစ်ကြသဖြင့် ယခုဆိုလျှင် ယင်းတို့၏ အားနည်းချက်ကို ရုရှားတို့ သိရှိသွားပြီဖြစ်ကြောင်းကိုလည်း ပညာရှင်များက ထောက်ပြကြသည်။

ယခုအခါ Kharkiv မြို့သည် “ဆက်သွယ်ရေးပြဿနာများ” နှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့နေရပြီး Kyiv တွင်မူ အပူပေးစနစ်ကို ပြန်လည် လည်ပတ်စပြုနိုင်ပြီဖြစ်ကြောင်း သမ္မတ ဇလန်းစကီးက ၎င်း၏သောကြာနေ့ညမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဇလန်းစကီး၏ ထိပ်တန်း လက်ထောက်တစ်ဦးဖြစ်သည့် Mykhailo Podolyak ကမူ Bakhmut အရှေ့ပိုင်းမြို့တစ်ဝိုက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ အကောင်းဖက်မှုရှုမြင်သည့် မှတ်ချက်ပေးခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များသည် ပင်ပန်းနွမ်းနယ်စေမှုဖြင့် ရုရှားတပ်များ၏ တိုက်ခိုက်မှုစွမ်းရည်ကိုတတ်နိုင်သမျှလျှော့ချရန် ရည်ရွယ်ထားသည့် ၎င်းတို့၏ပန်းတိုင်ကိုပင် “ကျော်လွန်” ခဲ့ကြောင်း Podolyak က အီတလီနိုင်ငံထုတ် La Stampa သတင်းစာသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကြာသပတေးနေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သည့် ဒေသများတွင် စွမ်းအင်ပြန်လည်ရရှိစေရေးအတွက် စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူများက အပူတပြင်းဆောင်ရွက်နေကြသည်။ Kharkiv တွင် လျှပ်စစ်ဓာတ်အားသည် အရေးပါသော အခြေခံအဆောက်အအုံများထံ ပြန်လည်ရောက်ရှိပြီး သုံးစွဲသူ ၆၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး ပြန်လည်ရရှိစပြုပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းနိုင်ငံ အနောက်မြောက်ဘက်ရှိ Zhytomyr မြို့တွင်မူ စွမ်းအင်ပြန်လည်ရရှိရေးမှာ “မလွယ်ကူသေး” ဟု သမ္မတ ဇလန်းစကီးက ၎င်း၏ သူ၏ သောကြာနေ့ည မိန့်ခွန်းတွင် မှတ်ချက်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here