နစက နှင့် အလွတ်သဘော တွေ့ဆုံနိုင်ရေး NCA-S EAO အဖွဲ့ (၇) ဖွဲ့ တွေ့ဆုံဆွေးနွေး

0
175

NCA လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် နစကအကြား တပေါင်းတစည်းတည်း တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် အလွတ်သဘောတွေ့ ဆုံမှုများလုပ်ဆောင်နိုင်ရေး NCA-S EAO (၇) ဖွဲ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့တွေ့ဆုံဆွေးနွေးမှုသို့ PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့နှင့် PPST တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့တစ်ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ထံမှ သိရသည်။

ယနေ့ဆွေးနွေးမှု အခြေအနေမှာ ယခင်တစ်ကြိမ် ဗိုလ်ချုပ်ရာပြည့် ဉီးဆောင်သည့် အဖွဲ့နှင့် ဆွေ့ဆုံစဉ်ကဆွေးနွေးမှုများကို အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များထံ ပြန်လည်တင်ပြခြင်းဖြစ်ပြီး လာမည့်ဆွေးနွေးပွဲများအတွက် လမ်းညွှန်မှုခံယူသည့် သဘောမျိုးလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

” အစည်းဝေး လုပ်တာကတော့ NCA-S EAO (၇) ဖွဲ့အစည်းဝေးပေါ့ဗျာ။ ကျွန်တော်တို့ NSPNC နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေကို ပြန်လည် တင်ပြပြီးတော့ အစီရင်ခံတာလည်းပါသလို ရှေ့ဆက်ပြီး ကျွန်တော်တို့ လုပ်ဆောင်မယ့် ဆွေးနွေးပွဲတွေအတွက် လမ်းညွှန်မှု ခံယူတဲ့ပွဲလို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် PPST အဖွဲ့ဝင် တိုင်းရင်း သား လက်နက်ကိုင်အဖွံ့ (၅) ဖွဲ့တို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့သည့် အချက်အလက်များနှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား အစုအဖွဲ့လိုက် ပြန်လည် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တောင်းဆိုထားသည့် အလွတ်သဘော တွေ့ဆုံမှုများ စတင်ပြုနိုင်ရန် လိုအပ်နေသေးပြီး အရန်သင့်မဖြစ်သေးကြောင်းလည်း သိရသည်။

” ကျွန်တော်တို့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းမှုတွေကတော့ ဒီကနေ့အထိ ကျွန်တော်တို့ လုပ်ဆောင်နိုင်သေးတာ မရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

NCA-S EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၇) အနေ ဖြင့် နစက၏ ကိုယ်စားလှယ်အဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နိုဝင်ဘာလကပင် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအလွတ်‌သဘော တွေ့ဆုံဆွေးနွေးရန်ကို နစကဘက်မှ လက်မခံခြင်း ဖြစ်သည်။

ပုံစာ-နစကဥက္ကဋ္ဌနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံသည့်မှတ်တမ်းဓာတ်ပုံများ


LEAVE A REPLY

Please enter your comment!
Please enter your name here