Bakhmut တိုက်ပွဲအတွက် Wagner စစ်တပ် ခေါင်းဆောင်က ခဲယမ်းမီးကျောက်များ ထပ်မံတောင်းဆို

0
151

ရုရှားတို့၏ Wagner ပုဂ္ဂလိကစစ်တပ်သည် Bakhmut မြို့လယ်ခေါင်သို့ ရောက်ရှိသိမ်းပိုင်ရန် အလွန်နီးကပ်နေပြီဖြစ်သဖြင့် အစွမ်းကုန်ခြေမှုန်းရေးအတွက် ယင်းစစ်တပ်ကိုတည်ထောင်သူ ခေါင်းဆောင် Yevgeny Prigozhinက ခဲယမ်းမီးကျောက်များ ထပ်မံတောင်းဆိုလိုက်သည်။

Telegram တွင် စနေနေ့ကတင်ထားသောဗီဒီယိုတစ်ခု၌ Yevgeny Prigozhin သည် Bakhmut မြို့တွင်းရှိ အထပ်မြင့်အဆောက်အအုံတစ်ခု၏ခေါင်မိုးပေါ်တွင်ရပ်နေသည်ကိုအားလုံးမြင်တွေ့ကြရသည်။

ယင်းဗီဒီယိုတွင် “ဟိုကမြင်နေရတာကတော့ မြို့အုပ်ချုပ်ရေး အဆောက်အဦပါ၊ အဲဒီနေရာဟာ မြို့လယ်ခေါင်နေရာပါပဲ” ဟု အဝေးမှ အဆောက်အဦတစ်ခုကိုညွှန်ပြလျှက် Prigozhin က ပြောကြားခဲ့သည်။

“အဲဒီအဆောက်အဦဟာ ဒီနေရာကနေ တစ်ကီလိုမီတာကျော်ကျော် အဝေးမှာရှိပါတယ်” ဟု စစ်ဘက်ဆိုင်ရာဝတ်စုံအပြည့်ဝတ်ထားသည့် Prigozhin က ဗီဒီယိုထဲတွင် ပြောသည်။

ဗီဒီယိုတွင် အမြောက်သံများ ကျယ်လောင်လာသောအခါ၌ Prigozhin က ယခု အရေးကြီးဆုံးအရာမှာ မိမိစစ်တပ်အတွက် ခဲယမ်းမီးကျောက်များ ပိုမိုရရှိရန်ဖြစ်ပြီး၊ “ရှေ့ဆက်တိုက်ပွဲဝင်ရန်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Wagner စစ်တပ်သည် ယူကရိန်းအရှေ့ပိုင်းရှိ Bakhmut မြို့အပါအဝင် မြို့များကို တောက်လျှောက် ထိုးစစ်ဆင်နေခဲ့ပြီး ရုရှား၏ တစ်နှစ်တာတိုက်ခိုက်မှုများအတွင်း အရှည်ကြာဆုံးနှင့် သွေးထွက်သံယိုအများဆုံးတိုက်ပွဲဖြစ်လာခဲ့သည်။ Bakhmut အနီးတစ်ဝိုက်တွင် နှစ်ဖက်စလုံး ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။

ယခုသီတင်းပတ် အစောပိုင်းတွင် Wagner တိုက်ခိုက်ရေးသမားများသည် Bakhmut ၏ အရှေ့ဘက်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့သည်။

အချို့သော စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက Bakhmut မြို့ကို ယူကရိန်းတို့မှ ဆက်လက် ခုခံကာကွယ်မှုပြုမပြု သဘောထားကို မေးခွန်းထုတ်ခဲ့ကြသော်လည်း Bakhmut ပြိုလဲမှုသည် ရုရှား၏ တိုးတက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟုသာ ယူကရိန်းစစ်ဖက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့သည်။

ယူကရိန်းမြေပြင်တပ်ဖွဲ့မှူး Oleksandr Syrsky က Bakhmut တိုက်ပွဲသည် ရုရှားတို့ကို တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်ရန် အချိန်ရပြီး၊ ထိုသို့ တန်ပြန်ထိုးစစ်ဆင်ရန်အတွက်လည်း အထောက်အကူဖြစ်စေသည်ဟု စနေနေ့တွင် ပြောကြားခဲ့သည်။

ယခုအခါ Bakmut မြို့လယ်ရှိ Bakhmutka မြစ်သည် ရှေ့တန်းစစ်မျက်နှာဖြစ်နေပြီဟု ဗြိတိန်စစ်တပ်ထောက်လှမ်းရေးက စနေနေ့တွင် ပြောကြားခဲ့သည်။

“ယူကရိန်းတပ်ဖွဲ့များသည် မြို့၏အနောက်ဘက်တွင် သိမ်းပိုက်ထားပြီး မီတာ ၂၀၀ မှ ၈၀၀ မီတာ ကျယ်သော မြေပြင်ကိုဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းသည့် မြစ်များ၏ မြစ်ကူးတံတားများကို ဖြိုချဖျက်ဆီးလိုက်သည်” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီဧရိယာဟာ သတ်ကွင်းဖြစ်လာပြီး Bakmut အနောက်ပိုင်းကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ Wagner တပ်ဖွဲ့တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါတယ်”ဟုလည်း ဗြိတိန်စစ်တပ်ထောက်လှမ်းရေးက စနေနေ့တွင် ပြောကြားခဲ့သည်။

နေတိုးစစ်အုပ်စု၏ အထွေထွေအတွင်းရေးမှူး Jens Stoltenberg ကမူ “လက်ရှိအချိန်တွင် တိုက်ပွဲများပြင်းထန်နေသည့် Bakhmut မြိုသည် လာမည့်ရက်များအတွင်း ရုရှားတိုထိန်းချုပ်မှုအောက်သို ကျရောက်သွားနိုင်ကြောင်း” ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

(Aljazeera)


LEAVE A REPLY

Please enter your comment!
Please enter your name here