မန္တလေးမြို့ရှိ နာမည်ကြီး ဒေါ်တောမုန့်တီဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်အတွင်းရှိလူများထံမှ ငွေနှင့် လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေး

0
335

မန္တလေးမြို့ရှိ နာမည်ကျော် ဒေါ်တော မုန့်တီဆိုင်အား ယနေ့ နံနက်အစောပိုင်းတွင် အမျိုးသား (၂) ဦးက ဝင်ရောက် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်းအတွင်းရှိ လူများထံမှ ငွေနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်တော မုန့်တီဆိုင်မှာ (၂) ဆိုင်ရှိပြီး ယခုဖြစ်စဉ် ဖြစ်ပွားသည့်ဆိုင်မှာ မန္တလေးမြို့၊ ၂၆ (ဘီ) လမ်းအနောက်ထိပ်၊ မြို့တော်ဥယျာဉ်အရှေ့ဘက်၊ အောက်ကမ်းနားလမ်း၊ ပိုက်ကျူံး၊ ဖို့ကုန်းရပ်ရှိ ဒေါ်တောမုန့်တီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ဖြစ်စဉ်ဖြစ်တာတော့ ဟုတ်ပါတယ်။ မနက် ၅ နာရီ ၄၅ မိနစ်လောက်က ဖြစ်သွားတာပါ။ အမျိုးသား (၂) ယောက်လာတာပေါ့။ တစ်ယောက်က အသက်ကြီးတယ် ။ နောက်တစ်ယောက်ကတော့ လူငယ်ပိုင်းပါပဲ။ အခုက ရဲစခန်းမှာ အမှုဖွင့်ပြီး လုပ်စရာရှိတာတွေ လုပ်နေပါတယ်။ အသေးစိတ်ကတော့ ပြောလို့မရသေးဘူး ။ ဖြစ်သွားတာက ဟိုဘက်ဆိုင်ဆိုတော့ ညီမတို့လည်း အတိအကျမသိရသေးတော့ မပြောနိုင်သေးတာပေါ့နော်” ဟု ‌ပြည်ကြီးတံခွန်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဒေါ်တောမုန့်တီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသ ည်။

လတ်တလောထွက်ပေါ်နေသည့် မြေပြင်သတင်းများအရ ဓါးပြတိုက်သူ အမျိုးသား (၂) ဦးသည် ဆိုင်ကယ်ဖြင့်ရောက်လာကာ ဆိုင်အတွင်းသို့ ဝင်ရောက်ပြီး သေနတ်နှ င့် လက်ပစ်ဗုံးပြ၍ ဆိုင်အတွင်းရှိနေသူများထံမှ လက်ဝတ်ရတနာများနှင့် ငွေများကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည့် ဒေါ်တောမုန်တီဆိုင်သို့ လုံခြုံရေးအဖွဲ့များ လာရောက် စစ်ဆေးသွားကြောင်းလည်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ” ဗုံးနှစ်လုံးနဲ့ သေနတ်တွေပြပြီး ဝတ်ထားတဲ့ရွှေတွေရောအကုန်ချွတ်ယူသွားပါတယ်။ တန်ဖိုးက သိန်းရာကျော်ဖိုးလောက် ရှိလောက်တယ်” ဟုလည်း မန္တလေး အခြေစိုက် သတင်းများဖော်ပြနေသည့် လူမှုကွန်ရက် စာမျက်နှာတစ်ခုကလည်း ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဓါးပြတိုက်မှု၊ လုယက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပွားနေသည့်အတွက် ပြည်သူလူထုအနေဖြင့် လုံခြုံရေး အထူးသတိရှိကာ သွားလာနေထိုင်ကြရန်လည်း မန္တလေးမြို့ခံ အချင်းချင်း သတိပေးမှုများလည်း ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here