အမေရိက၏ ၃၂ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်သည့် ဆစ်ခ်နေချာဘဏ် ပိတ်သိမ်းခံရ

0
285

နူးယောက်ခ်ပြည်နယ် အာဏာပိုင်များသည် နူးယောက်ခ် အခြေစိုက် ဆစ်ခ်နေချာဘဏ်ကို မတ်လ ၁၂ ရက် တနင်္ဂနွေနေ့တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ 

အဆိုပါ ပိတ်သိမ်းမှုမှာ ကယ်လီဖိုးနီးရှားပြည်နယ် အာဏာပိုင်များက ဆီလီကွန်တောင်ကြားဘဏ်ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘဏ်ပိတ်သိမ်းခဲ့သော်လည်း ဆစ်ခ်နေချာဘဏ်တွင် ငွေအပ်နှံထားသူများအနေဖြင့် ၎င်းတို့၏ ငွေများကို ပြန်လည်ရရှိမည်ဖြစ်ပြီး ဆုံးရှုံးမှုများကိုလည်း အခွန်ထမ်းပြည်သူများက ပေးဆောင်ရမည် မဟုတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားဘဏ်အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ပြောလာခဲ့သည်။

ဆစ်ခ်နေချာဘဏ် ပိတ်သိမ်းမှုသည် အမေရိကသမိုင်းတွင် တတိယမြောက် အကြီးမားဆုံး ဘဏ်ပြိုလဲမှုဖြစ်လာခဲ့သည်။

ဆစ်ခ်နေချာဘဏ်၌ အပ်နှံငွေစုစုပေါင်းမှာ မတ်လ ၈ ရက်နေ့မှစ၍ ၈၉ ဒသမ ၁၇ ဘီလျံအထိ ရှိခဲ့ပြီး ပိုင်ဆိုင်မှုတန်ဖိုးမှာမူ ၁၁၀ ဒသမ ၃၆ ဘီလျံ ရှိခဲ့ကြောင်း နူးယောက်ခ်ပြည်နယ် ဘဏ္ဍာရေးဌာနက ဖော်ပြထားသည်။

ကိုဗစ်အပြီး ကမ္ဘာ့စီးပွားရေး ပျက်ကပ်အတွင်း အမေရိကန်ဘဏ်များ စတင်ပြိုလဲလာမှု၏ ဆိုးကျိုးများသည် ကမ္ဘာ့ငွေကြေးနှင့် အရင်းအနှီး ဈေးကွက်များအပေါ် အနှေးနှင့် အမြန် ရိုက်ခတ်လာနိုင်ဖွယ်ရှိသည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here