ညောင်ရွှေထောင်၌ အကျဉ်းသားအချို့ ထွက်ပြေးရန်ကြံစည်ရာမှ ဆူပူအကြမ်းဖက်မှုဖြစ်ခါ အကျဥ်းသား ၁ ဦးသေဆုံး အကျဥ်းထောင်ဝန်ထမ်းနှင့်အကျဥ်းသား ၄ ဦးဒဏ်ရာရ

0
254

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်ရှိ ညောင်ရွှေအကျဥ်းထောင်တွင် မတ် ၁၄ ရက်(ယနေ့)နံနက်က အကျဥ်းသားအချို့ထွက်ပြေးရန်ကြံစည်ရာမှဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၈ နာရီခွဲက ညောင်ရွှေအကျဉ်းထောင်အတွင်းရှိ ၂ ထပ်အိပ်ဆောင်တစ်ခုမှ အကျဉ်းသား ၁၅ ဦးခန့်သည် အိပ်ဆောင်လှေကားရှိ သစ်သားလက်ရန်းတန်းများကိုချိုးဖျက်၍ အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးအား ရိုက်နှက်တိုက်ခိုက်ခါအုတ်ရိုးကျော်တက်ထွက်ပြေးရန်ကြိုးစားခဲ့ကြသည်။

ထို့ကြောင့် တာဝန်ကျဝန်ထမ်းများက အကြမ်းဖက်မှုမပြုလုပ်ရန်ဖြောင်းဖျပြောဆိုခြင်း၊မျှော်စင်တာဝန်ကျဝန်ထမ်းမှ သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သော်လည်း နာခံမှုမရှိဘဲအော်ဟစ်၍ CCTV ကြိုးများဖျက်ဆီးခြင်း၊ဆိုလာဓာတ်မီးတိုင်အားဖျက်ဆီးခြင်း၊အနီးပတ်ဝန်း ကျင်ရှိခဲများဖြင့် အစောင့်ဝန်ထမ်းများအား ပစ်ပေါက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြသည်။

ယင်း ဆူပူမှုများကိုအကြောင်းပြု၍ အခြားအိပ်ဆောင်များရှိ အကျဉ်းသား/အချုပ်သားများမှ ဆူပူမှုများထပ်မံမပြုလုပ်လာစေရန်နှင့်လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် မျှော်စင်တာဝန်ကျဝန်ထမ်းမှ ဥပဒေနှင့်အညီ သေနတ် ၅ ချက်ခန့်ပစ် ခတ်ထိန်းသိမ်းခဲ့၍ နံနက် ၉ နာရီတွင် ဆူပူမှုအားထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။ 

ဖြစ်စဉ်တွင် အကျဥ်းသား ၁ ဦးသေဆုံးခဲ့ကာ  အကျဉ်းထောင်ဝန်ထမ်း ၂ ဦးနှင့်အကျဉ်းသား ၂ ဦး(စုစုပေါင်း ၄ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ အကြမ်းဖက်ပြစ်မှုများကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားအချို့မှဦးဆောင်ထွက်ပြေးရန်ကြံစည်ခဲ့ခြင်းဖြစ်ပြီး အခြားအကျဉ်းသားများလည်း ပါဝင်ခဲ့ကြသဖြင့် တာဝန်ရှိသူများက လုပ်ထုံး လုပ်နည်းနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here