မင်္ဂလာတောင်ညွန့် ၁၅ ပေတံတားပေါ်တွင် အနှေးယာဉ်တစ်စီး တိုက်ခံရမှုဖြစ်ပွား၊ ခြေတဖက်မသန်သည့်အနှေးယာဉ်မောင်းသေဆုံးပြီး ကားမှာတိုက်ပြေးသွား

0
96

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၅ ပေတံတားပေါ်တွင် ယမန်နေ့ (မတ်လ ၁၅) ညပိုင်းက အနှေးယာဉ်တစ်စီး တိုက်ခံရမှုဖြစ်ပွားခဲ့ပြီိးအနှေးယာဉ်မောင်းသေဆုံးကာ ကားမှာတိုက်ပြေးသွားကြောင်း သိရသည်။

ယမန်နေ့ ည ၁၀ နာရီ ၂၇ မိနစ်အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့ရှိ ၁၅ ပေတံတားပေါ်တွင် ခရီးသည်လိုက်ပါလာသော အနှေးယာဉ်တစ်စီးအား ကားတစ်စီးက ၀င်ရောက်တိုက်မိပြီးနောက် မောင်းပြေးသွားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်ဆေးရုံကြီးကို ရောက်တဲ့အချိန် ခြေတစ်ဖက်မသန်တဲ့ ဆိုက်ကားနင်းတဲ့လူက ရရှိထားတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ် ဆိုက်ကားကိုတော့ သက်ဆိုင်ရာယာဥ်ထိန်းတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး အပ်ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

” ကျွန်မတို့ရောက်တဲ့အချိန်မှာ လူနာက အနီရောင်အဆင့်ဖြစ်နေပြီ ဆေးရုံကိုပို့နေတဲ့ လမ်းမှာအခြေအနေဆိုးလာပြီး ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။ တိုက်ပြေးသွားတဲ့ ကားအချက်အလက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်၊ Light truck အမျိုးအစားလို့တော့ ကနဦိး သိထားပါတယ်” ဟု မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ထိုသို့ယာဉ်တိုက်‌မှုကြောင့် အသက် (၄၀) ၀န်းကျင်အရွယ်ရှိ အနှေးယာဉ်မောင်းသေဆုံးသွားပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း၊ အောင်ရဲသူလူမှုကူညီရေးအသင်းတို့နှင့် ချိတ်ဆက်၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here