ပင်းဘောမြို့ကျက်သရေဆောင် ဓမ္မရာဇိကအောင်တော်မူစေတီတော်မြတ်ကြီး၏ ရတနာ စိန်ဖူးတော်နှင့်ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပမည်

0
168

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊ပင်းဘောမြို့ရှိ ဓမ္မေခကုန်းမြေ၌တည်ထားသည့် ဓမ္မရာဇိက အောင်တော်မူစေတီတော်မြတ်ကြီး၏ ရတနာစိန် ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့်တံခွန်တိုင်ရေစက်ချပွဲအား မတ် ၁၈ ရက်မှ ၂၂ ရက်အထိကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် မတ် ၁၅ ရက်မှ ၁၇ ရက်နေ့ထိ အကြိုတ ရားပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး ထီးတော်တင်ပွဲသို့ ကြွရောက်တော်မူလာကြမည့် ပင့်သံဃာ တော် ၂၃၀ ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက် ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

ထို့အတူ ရဟန်း၊သံဃာ၊သာမဏေနှင့်သီလရှင် အပါး ၄၀၀ ခန့်အား ရတနာစိန်ဖူးတော်နှင့်ထီးတော်တင်လှူပူဇော်ပွဲအပြီး၌ ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကာ ဧည့်ပရိသတ်များအား နေ့စဥ် စတုဒိသာများကျွေးမွေးသွားမည်ဖြစ်သည်။

ရတနာစိန်ဖူးတော်နှင့်ထီးတော်တင်လှူပူဇော်ပွဲတွင် ဇာတ်သဘင်ပွဲများ၊စျေးရောင်းပွဲများ၊ဒေသ ခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကဖျော်ဖြေမှုများ၊ မြစ်ကြီးနားယဉ်ကျေးမှုဌာန စည်တော်ကြီးအဖွဲ့မှ ကပြဖျော်ဖြေမှုများနှင့် နိုင်ငံကျော်တေးသံ ရှင်များ၏ သီဆိုဖျော်ဖြေမှုများကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရတနာစိန်ဖူးတော်နှင့်ထီးတော်တင်လှူပူဇော်ပွဲ၌ လှူဒါန်းလိုသူများအနေဖြင့် ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ ဖုန်း ၀၉-၇၉၇၄၆၂၅၆၅ နှင့်ဦးရဲမြင့်ဦး ဖုန်း ၀၉-၆၆၀၈၆၈၅၄၂ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဓမ္မရာဇိကအောင်တော်မူစေတီတော်မြတ်ကြီးအား သောဘဏာရာမကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒ မှဦးစီးဦး၍ ၂၀၁၂ ခုနှစ်မှစတင်ကာ ၂၀၂၃ ခုနှစ်ထိ ဆယ်နှစ်ကျော်ကြာတည်ဆောက်တော်မူခဲ့ခြင်းဖြစ်ကာ စေတီတော်ကြီးသည် ဉာဏ်တော် ၁၀၈ ပေ၊ဘိနပ်တော်အချင်း ၁၂၀ ပေရှိပြီး ဥမင်လိုဏ်အမျိုးအစားဖြစ်ကာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှပင့်ဆောင်လာသည့် မြတ်ဗုဒ္ဓ၏ ဓာတ်တော်အစစ် ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here