ပုသိမ်မြို့တွင် ယမန်နေ့ညကမီးလောင်မှုဖြစ်ပွား၍ နေအိမ် ၂ လုံးပျက်စီးဆုံးရှုံး

0
151

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ်(၆)ရပ်ကွက်တွင် မတ် ၁၆ ရက်ညက မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၂ လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှ သိရသည်။

ယမန်နေ့ည ၈ နာရီခွဲခန့်က ပုသိမ်မြို့၊အမှတ်(၆) ရပ်ကွက်၊နှစ်ထောင်တန်(၂)လမ်းရှိ သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဧရာဝတီတိုင်းမီးသတ်တပ်ဖွဲ့၊ပုသိမ်ခရိုင်မီးသတ်စခန်း၊ပုသိမ်မြို့နယ်မီးသတ်စခန်း၊ပုသိမ်နယ်မြေမီးသတ်စခန်း၊ငဝန်ကျွန်းသာနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၈ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၁၀ မိနစ်၌မီးငြိမ်းသွားခဲ့သည်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှ သိရသည်။

ဖြစ်စဥ်ကြောင့် (၄၅၃၀)ပေရှိ သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း(၂)ထပ်နေအိမ် ၁ လုံးနှင့်(၁၈၃၀)ပေရှိ သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း(၁)ထပ်နေအိမ် ၁ လုံးတို့မီးလောင်ဆုံးရှုံးကာ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“မီးသတ်ကားတွေကော မီးသတ်တပ်ဖွဲ့ဝင်တွေကောအများကြီးပဲရောက်လာပြီးဝိုင်းငြှိမ်းပေးခဲ့ကြတယ် မိနစ် ၄၀ လောက်ဝိုင်းငြှိမ်းပြီးမှငြိမ်းသွားတာ အိမ် ၂ လုံးပဲအကုန်လုံးမီးလောင်ပြီးပျက်စီးသွားတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

Photo-မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်


LEAVE A REPLY

Please enter your comment!
Please enter your name here