အဘွားအိုတစ်ဦးတည်းရှိနေချိန် ငွေကျပ်သိန်း ၆၈၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ဓားပြတိုက်ယူဆောင်သွားသူများအနက် ၃ ဦးကိုဖမ်းဆီးရမိ

0
185

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဆောက်တောဝကျေးရွာအုပ်စု၊ဆောက်တောဝမြောက်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၆၈၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ဓားပြတိုက်ယူဆောင်သွားသူများအနက် ၃ ဦးကို မတ် ၁၅ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ် ၁၂ ရက်မွန်းလွဲက မြစ်ငယ်မြို့၊ဆောက်တောဝကျေးရွာအုပ်စု၊ဆောက်တောဝမြောက်ကျေးရွာရှိ နေအိမ်တစ်လုံး၌အသက်(၇၀)ကျော်အဘွားအိုတစ်ဦးတည်းရှိနေချိန် လူ ၄ ဦးရောက်ရှိလာကာ အဘွားအို၏ မျက်နှာအားအဝတ်ဖြင့်စည်းကာ ပါးစပ်ထဲသို့အဝတ်ထည့်ပြီးနောက် ရွှေထည်ပစ္စည်းများအား ယူဆောင်သွားခဲ့ကြသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ရာမှ မတ် ၁၅ ရက်တွင် ပြစ်မှုကျူးလွန်သူများထဲမှ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦး ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“သူတို့ ၃ ယောက်ကို ရွှေလက်ကောက် ၇ ကွင်း၊ရွှေဆွဲကြိုး ၂ ကုံး၊ရွှေဆွဲသီး ၁ ခု၊ရွှေပန်းပွင့် ၁ ခုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ ပြစ်မှုကျူးလွန်တဲ့အထဲက ၁ ယောက်ကိုဖမ်းဆီးရမိဖို့ကျန်သေးတဲ့အတွက် အမြန်ဆုံးဖမ်းဆီးရမိဖို့လုပ်နေပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးရမိခဲ့သူ ၃ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here