လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ရသူများသည် ခြောက်လအတွင်းလုပ်ငန်းမဆောင်ရွက်ပါက လယ်ယာမြေဥပဒေပုဒ်မ ၃၁ အရပြန်လည်ပယ်ဖျက်မည်

0
190

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမင်းနောင် တက်ရောက်ခဲ့သည့် မတ် ၁၆ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများအားစိစစ်ဆောင်ရွက်ရာတွင် ဒေသဝမ်းစာဖူလုံရေးအတွက် လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများမပါဝင်စေရန်ဂရုပြုရမည်ဟု ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ရရှိပြီးသူများသည် ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြုသည့်နေရက်မှခြောက်လအတွင်း သတ်မှတ်နည်းလမ်းအတိုင်း စတင်အကောင်အထည်ဖော်ရမည်ဖြစ်ကာ သတ်မှတ်ကာလအတွင်းလုပ်ငန်းပြီးစီးမှုမရှိပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှစိစစ်၍ လယ်ယာမြေဥပဒေပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြန်လည်ပယ်ဖျက်သွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်နှင့်အများပြည်သူများအကျိုးငှာဆောင်ရွက်သည့်လုပ်ငန်းများ၌ပါရှိသွားသော လယ်ယာမြေများအတွက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း နစ်နာကြေး၊လျော်ကြေးပေးချေနိုင်ရန် စိစစ်တွက်ချက်ရာတွင် လယ်ယာမြေပေါ်တွင်စိုက်ပျိုးထားသော သီးနှံများအတွက်ကိုသာ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

“စားကျက်မြေ၊ လ/န -၃၉ ခွင့်ပြုမိန့်ရရှိထားတဲ့မြေ၊မြို့မြေ၊ရွာမြေ၊မြေလွတ်၊မြေရိုင်းစတဲ့ လယ် ယာမြေနဲ့အကျုံးမဝင်တဲ့ မြေတွေပေါ်မှာ စိုက်ပျိုးထားတဲ့ သီးနှံများပါဝင်မှုမရှိစေဖို့ စိစစ်တွက်ချက်ပြီး လယ်ယာမြေဥပဒေ၊နည်းဥပဒေတွေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့အညီပေးလျော်ရမယ့် မြေအမျိုးအစားမှန်ကန်ဖို့ အလေးထားဆောင်ရွက်ရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

ကာယကံရှင်များအား နစ်နာကြေး၊လျော်ကြေးပေးချေပြီးပါက လုပ်ငန်းအလိုက်မြေအမည်ပေါက်ပိုင်ဆိုင်ရယူနိုင်ရေးကို တစ်ဆက်တည်းဆောင်ရွက်မှသာ နောင်တချိန်တွင်ဖြစ်ပေါ်လာနိုင်သည့် မြေယာအရှုပ်အရှင်းပြဿနာများမှ ကင်းဝေးစေမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here