စက္ကူစက်ရုံကုန်ကြမ်းအတွက် ဝါးထွက်ရှိမှု ဧရိယာ ဧက ၆၉ သန်းရှိ​နေ၊ ကုန်ကြမ်းအတွက်တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်နိုင်ရန် ဧရိယာ ဧက ၃ သန်းခွဲရှိ

0
153

လျှပ်စစ်ဓာတ်အား၊ လောင်စာအရင်းအမြစ်များရရှိနိုင်သည့်နေရာများတွင် စက္ကူနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက်ရန်စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

မြန်မာနိုင်ငံရှိသံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့်သံနှင့်သံမဏိ ထုတ်လုပ်သည့်နည်းစဉ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများအပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေအပေါ်မူတည်ပြီး ပျော့ဖတ်စက်ရုံများကို ဝါး/သစ် ကုန်ကြမ်းများလွယ်လွယ်ကူကူနှင့် သယ်ယူထုတ်လုပ်နိုင်သည့် နေရာများ၊ ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်မည့်နေရာများတွင် တည်ဆောက်ရန်၊ စက်ရုံမှထွက်ရှိမည့် စွန့်ပစ်ရေများကို သန့်စင်ပြီးစနစ်တကျ ပြန်လည်စွန့်ထုတ်ရန်လိုအပ်သည့်အတွက် စက်ရုံတည်ဆောက်ရန် မြေနေရာရွေးချယ်မှုသည် အရေးကြီးကြောင်း၊ ကုန်ကြမ်းများရရှိနိုင်ရေး လွယ်ကူလက်လှမ်းမီသည့် နေရာများနှင့်ရေ၊ လျှပ်စစ်ဓာတ်အား၊ လောင်စာအရင်းအမြစ်များရရှိနိုင်ရန် လွယ်ကူသည့်နေရာများတွင် ရွေးချယ်ပြီး ပျော့ဖတ်စက်ရုံများ တည်ထောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဆက်လက်ပြီး စက္ကူစက်ရုံနှင့်ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင်စာရင်း ကောက်ယူထားသည့် ဝါးထွက်ရှိမှု ဧရိယာဧကအနေဖြင့် ၆၉ ဒသမ ၆ သန်းရှိပြီး တစ်နှစ်လျှင်ဝါးအလုံးရေ ၂၆၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း ၁၄၅ သန်းလုံးသာ ထုတ်လုပ်သုံးစွဲနေရကြောင်း၊ ဝါးပေါက်ရောက်မှုဧရိယာစာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်မှုမရှိသေးသဖြင့် ဝါးအလုံးရေ ၂၆၅ သန်းထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်နိုင်ရန် တောနိမ့်၊ တောပါးဧရိယာ ၃ ဒသမ ၆၅ သန်း ဧကရှိသည့်အတွက် စက္ကူစက်ရုံများ တည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်းများ လုံလောက်မှုရှိကြောင်း၊ စိုက်ခင်းများတည်ထောင်စိုက်ပျိုးရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် သံမဏိစက်ရုံများတည်ဆောက်နိုင်ရေးနှင့် စက္ကူနှင့်ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here