ပြည်တွင်းရွှေဈေးကွက်အတွက် အခြေခံကျသည့်လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းအဖွဲ့များဖွဲ့ စည်းမည်

0
127

ပြည်တွင်းရွှေဈေးကွက်အတွက် အခြေခံကျသည့် နိုင်ငံတကာအဆင့်မီ အလေးချိန်စံချိန်စံနှုန်းများ သတ်မှတ်ရေး၊ရွှေဈေးနှုန်းတွက်ချက်သည့် နည်းစနစ်များနှင့်အရည်အသွေးဆိုင်ရာသတ်မှတ်ရေးတို့အတွက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းမည်ဟု ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

ဗဟိုဘဏ်မှဦးစီး၍ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ပြည်တွင်းရွှေဈေးကွက်နှင့်ပတ် သက်၍ ရွှေဈေးသတ်မှတ်ပုံ၊စံချိန်စံနှုန်းအရည်အသွေးနှင့်ရွှေသန့်စင်ထုတ်လုပ်မှုတို့အား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်တွင်း၌ ရွှေဈေးနှုန်းတွက်ချက်မှုသည် ကမ္ဘာ့ရွှေဈေးကွက်များတွင် အရောင်းအဝယ်ပြုလုပ်သကဲ့သို့ စံသတ်မှတ်ထားသည့် အလေးချိန်တွက်ချက်မှု၊ရွှေသန့်စင်မှုအရည်အသွေးများ စနစ်တကျတွက်ချက်အခြေခံထားမှုမရှိဘဲ မိရိုးဖလာတွက်ချက်နည်း၊အိမ်နီးချင်းနိုင်ငံများတွင် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်း၊ကမ္ဘာ့ရွှေဈေးနှုန်း၊အမေရိကန်ဒေါ်လာဈေး၊ဘတ်ဈေး၊ယွမ်ဈေး၊ ကောလဟလသတင်းတို့ဖြင့် ရွှေဈေးနှုန်းအမျိုးမျိုးသတ်မှတ်လျက်ရှိခြင်းများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ရွှေအား နိုင်ငံခြားသို့တင်ပို့ခြင်း၊ရောင်းဝယ်ခြင်းတို့တွင် ပိုမိုထိရောက်စေရန်၊ပြည်တွင်း၌ ဝယ်ယူရင်းနှီးမြှပ်နှံသူများ စိတ်ချရသည့် အရည်အသွေးစံသတ်မှတ်ချက်များ၊အလေးချိန်စံသတ် မှတ်ချက်များသတ်မှတ်နိုင်ရန်၊လိုင်စင်မရှိဘဲရောင်းဝယ်နေမှုများကို ဥပဒေနှင့်အညီအရေးယူနိုင်ရန်၊ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ရောင်းဝယ်မှုများပပျောက်စေရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးပြီးနောက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရန် အစည်းအဝေးမှဆုံးဖြတ်ခဲ့ကြောင်း ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here