ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများအပြင် စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများကိုပါ သတိပြုရှောင်ရှားရန် လိုအပ်သည်

0
150

နစက ဥက္ကဋ္ဌမှ မတ် ၁၉ ရက်(ယနေ့)တွင်ကျရောက်သည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အ ခမ်းအနားသို့ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်နှင့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အလေးထားကြိုး စားဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာအဖွဲ့အစည်းများ၊ပြည်ပနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက်ရင်းနှီးခင်မင်စွာဆက်ဆံဆောင်ရွက်လျက်ရှိသည်ဟု သဝဏ်လွှာတွင်ရေးသားထားသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်း၍ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားသူများကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ယိုယွင်းလျက်ရှိ၍ နိုင်ငံဒုက္ခရောက်စေမည့်လုပ်ရပ်များကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် မြန် မာနိုင်ငံသား၊တိုင်းရင်းသားပြည်သူအားလုံး၏ တာဝန်ဖြစ်သည်ဟုလည်း ထည့်သွင်း​​​ရေးသားခဲ့သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊လုံခြုံရေးနှင့်တ ရားဥပဒေစိုးမိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင်အရေးပါ၍ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ကာ မိမိတို့၏ လိုလားချက်နှင့်အညီ ဦးတည်ချက်ထား၍ ဖော်ဆောင်နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရန် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်နှင့်အတူ လက်တွဲဖော်ဆောင်ကြရမည်ဟုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံသည် အရေးပေါ်အ ခြေအနေကြေညာထားသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများမှ နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေရန် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ကျင့်ဝတ်သိက္ခာမဲ့၊စည်းမဲ့ကမ်းမဲ့စွာ အစွမ်းကုန်အားထုတ် ဖျက်ဆီးနေကြဆဲဖြစ်သည်ဟု သဝဏ်လွှာ၌ရေး သားထားသည်။

ဆူပူအကြမ်းဖက်၊မီးရှို့၊လူသတ်၊ဖောက်ခွဲဖျက်ဆီး၊လုယက်ဓားပြတိုက် စသည့်လုပ်ရပ်များကို လက်မရွံ့ကျူးလွန်နေကြသည့်နည်းတူ လူမှုရေး၊ပညာရေး၊ကျန်းမာရေး၊ယဉ်ကျေးမှု၊ဘာသာရေးတို့တွင်လည်း အတွေးမှား၊အမြင်မှားများဖြစ်ပေါ်လာအောင်၊အတွေးအခေါ်များအဆိပ်သင့်လာအောင် မီဒီယာနည်းလမ်းများကို အသုံးပြုဆောင် ရွက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများအပြင် စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများကိုပါ သတိပြုရှောင်ရှားရန် လိုအပ်သည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။

ပြည်သူကို စတေးကာ နိုင်ငံရေးအမြတ်ထုတ်မှုများကိုလည်း အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် သတိထား၍ အာဏာကိုအချောင်ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေသူများ၊ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ ကိုယ်ကျိုးရှာသူများကိုလည်း ဝိုင်းဝန်းဖော်ထုတ်နိုင်ရန် လိုအပ်သည်ဟု သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here