ဖားကန့်မြို့နယ် လုံးခင်းတွင် တိုက်ပွဲဖြစ်ပွားပြီး (၁၀) ဦးဝန်းကျင် သေဆုံးကာ နှစ်ဦးထက်မနည်း ဒဏ်ရာရ

0
222

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်းကျေးရွာအနီးတွင် ယမန်နေ့ ညဦးပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံပြည်သူများ အပါအဝင်(၁၀) ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

လုံးခင်းကျေးရွာအနီးက မျောက်ကုန်းတွင် ယမန်နေ့ မတ်လ (၁၈) ရက်ည(၆) နာရီဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်(၃)ဦးနှင့် ဒေသခံအရပ်သားများလက်နက်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

” ဟုတ်ပါတယ်၊ မနေ့ညက လုံးခင်းမှာ တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ် ။ ကျွန်တော်တို့တောင် လုံးခင်းညဝိုင်းမှာ ကျောက်ထိုင်ဝယ်နေတာ။ သေနတ်သံတွေကြားတော့ ဝိုင်းလည်း အစောကြီးပိတ်သွားတယ် ။ ပြေးတဲ့သူကပြေးနဲ့ဆိုတော့ အကုန် ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တာ။ ည (၆) နာရီ ၊ (၆) နာရီခွဲလောက်ဖြစ်မယ်ထင်တယ်” ဟု ဖားကန့်မြို့နယ်တွင်နေထိုင်သူ ကျောက်သမားတစ်ဦးကပြောသည်။

တိုက်ပွဲ ဖြစ်ပွားချိန် အနည်းဆုံး နာရီဝက်ဝန်းကျင်ရှိခဲ့ပြီး အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် (၃) ဦးနှင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား (၆) ဦး သေဆုံးခဲ့ကြောင်းနှင့် အနည်းဆုံး (၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း  ၎င်းက‌ဆိုသ ည်။

သေဆုံးသူများ၏ရုပ်အလောင်းများကို ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိထားသူများကိုလည်း လိုအပ်သည့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှာ KIA ၊PDF ပူးပေါင်းအဖွဲ့များနှင့် လုံ‌ခြုံရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်အတွင်း KIA အရာရှိအချို့နှင့် အရပ်သားအချို့ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ဖားကန့်မြို့ရှိ KIA အရာရှိတစ်ဦး၏ နေအိမ်သို့ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းကာအရပ်သားအချို့နှင့် ခေတ္တရောက်ရှိနေသည့် ကျောက်သမားတစ်ဦးကို ဖမ်းဆီးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအတွင်း သေဆုံးခဲ့သည့်အရပ်သားများမှာ ငြိမ်းချမ်းသာယာကျေးရွာကားကြီးကွင်းအနီး နေထိုင်သည့် အရပ်သားများ ဖြစ်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here