တရုတ်ကလပ် Sichuan FC နှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းရာ သရေရလဒ်ထွက်ပေါ်

0
213

၂၀၂၄ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် လေ့ကျင့်လျက်ရှိသည်။

ထိုသို့လေ့ကျင်ရာတွင် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ယနေ့ (မတ်လ ၁၉ ရက်) တွင် Sichuan FC အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁) ဂိုးဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

Sichuan FC အသင်းသည် ပြီးခဲ့သည့် ၂၀၂၂ တရုတ်အမျိုးသမီး စူပါလိဂ်တွင် အဆင့် ၈ နေရာတွင် ရပ်တည်ထားသည့် အသင်းဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် မြန်မာအသင်းနှင့် ခြေစမ်းကစားခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပွဲထွက် လူစာရင်းတွင် မေဇင်နွယ်၊ ဇွန်ယုယဦး၊ မိုးမမစိုး၊ဖြူဖြူဝင်း၊မေသက်မွန်မြင့်၊ခင်မာလာထွန်း၊ခင်မိုမိုထွန်း၊ဂျူလိုင်ကျော်၊ စန်းသော်သော်၊ မြတ်နိုးခင်၊ နော်ထက်ထက်ဝေတို့ကို အသုံးပြုခဲ့ပြီး လူစားလဲမှုများအဖြစ် ဂျူလိုင်ကျော် အစား ရွှေရည်ထွန်း ၊ ခင်မာလာထွန်း အစား စုပြည့်ပြည့်ကျော်၊ မြတ်နိုးခင် အစား ပုံ့ပုံ့ပြည့်မောင်၊ မေသက်မွန်မြင့် အစား လင်းမြင့်မိုရ် တို့ကို လဲလှယ်အသုံးပြုခဲ့သည်။

အဆိုပါ ပွဲစဉ်အတွက် သွင်းဂိုးများကို ပွဲချိန် ၅၃ မိနစ်တွင် Sichuan FC အသင်းတိုက်စစ်မှူး ကျောနံပါတ် ၁၀ Tang Han မှ သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၂ မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်က သွင်းယူပေးခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်နိုင်ငံတွင် ပဏာမ ကစားသမား ၂၄ဦးဖြင့် မတ် ၂၄ ရက်အထိ လေ့ကျင့်ခြေစမ်းမည်ဖြစ်ပြီး ပထမခြေစမ်းပွဲအဖြစ် မတ်လ ၁၈ ရက်က က‌မ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး တတိယမြောက် ခြေစမ်းပွဲအဖြစ် မတ်လ ၂၂ ရက်တွင် Changchun FC အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here